SSPP/SSA ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့

ရှမ်းတိုင်းရင်းသားတို့၏လက်နက်ကိုင်ပုန်ကန်မှုသည် ၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့ ရှမ်းအရှေ့ မိုင်းတုံမြို့နယ်အတွင်း နွမ်စစ်ဟန် - ရဲရင့်သောလူငယ်စစ်သည်တော်အမည်ဖြင့်ပေါ်ထွက်ခဲ့သည်။ ၁၉၅၈ ခုနှစ်သည် ရှမ်းပြည်နယ်၌ နှစ်ရာနှင့်ချီ၍ အုပ်ချုပ်ခဲ့သော ရှမ်းစော်ဘွားများ အာဏာစွန့်ခဲ့ရသောနှစ်လည်းဖြစ်သည်။ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်ပုန်
ကန်မှုအား ရှမ်းစော်ဘွားတို့အားပေး ကူညီ ထောက်ခံမှုရခဲ့သည်။ စော်ဘွားအနွယ်တော်များ
သည်လည်း လက်နက်ကိုင်ပုန်ကန်မှုတွင် ပါဝင်ခဲ့သည်။ ထို့ပြင် နှစ်ရာချီနေသော ရှမ်းစော်
ဘွားစနစ်အား ဖျက်သိမ်းလိုက်သောအခါ ဗဟိုအစိုးရသည် မြို့ပိုင်၊နယ်ပိုင်များဖြင့် မြို့ပြအုပ်ချုပ်ရေးအား ကိုင်တွယ်နိုင်သော်လည်း ကျေးလက်ဒေသများ ကိုင်တွယ်နိုင်ခြင်းမရှိဘဲ ကျေးလက်ဒေသ၌အုပ်ချုပ်ရေးလေဟာနယ်ဖြစ်ခဲ့သည်။ ကျေးလက်ဒေသများသည် ရှမ်းလက်နက်ကိုင်တို့၏ ရေခံမြေခံဖြစ်ခဲ့သည်။ ရှမ်းအရှေ့ မိုင်းတုံနယ်တွင် အခြေပြုခဲ့သော ရှမ်း
လက်နက်ကိုင်ပုန်ကန်မှုသည် ကျိုင်းတုံ၊ မိုင်းယန်း ၊ မိုင်ပျဉ်းနယ်များသို့၎င်း၊ သံလွင်မြစ်အနောက်ဖက်ခြမ်းရှိ ရှမ်းတောင်နှင့်ရှမ်းမြောက်သို့၎င်း တိုးချဲ့စည်းရုံးတိုက်ခိုက်ရင်း ပျံ့နှံ့သွားခဲ့
သည်။ 
သို့သော် မတူသော အမြင်သဘောထားများကြောင့် ၁၉၆၀ နောက်ပိုင်းတွင်
နွမ်စစ်ဟန်အပြင်ခွန်ကြာနု၊ စဝ်ဆေလင်း၊စဝ်ဆေထင်တို့ဦးဆောင်သည့် SSIA-Shan State Independence Army ရှမ်းပြည်လွတ်လပ်ရေးတပ်မတော်၊ စဝ်ငါးခမ်းဦးစီး SNA- Shan National Army ရှမ်းအမျိုးသားတပ်မတော်၊ စဝ်ကွမ်းဇိဏ်း ခေါ် မိုးဟိန်းဦးစီး SNUF- Shan National United Front စသည့်အဖွဲ့များ ထပ်မံပေါ်ပေါက်ခဲ့သည်။ 
၁၉၆၄ ခုနှစ် ဧပြီလ ၂၄ ရက်တွင် မဟာဒေဝီအား နာယကထား၍ ရှမ်းလက်နက်ကိုင်များစုစည်းခါ SSA - Shan State Army ရှမ်းပြည်တပ်မတော်ကို ဖွဲ့စည်းခဲ့သည်။ SSIA/SNUF/ နွမ်စစ်ဟန်တို့ပူးပေါင်းပါဝင်ခဲ့သည်။ ၁၉၆၉ ခုနှစ် ဇန္နဝါရီလတွင်တွင် မိုးဟိန်းသည် 
SSA မှ ပြန်လည်ခွဲထွက်ခဲ့ပြီး SURA- Shan United Revolutionary Army အမည်ဖြင့်
ရပ်တည်သွားခဲ့သည်။ SURA ဌာနချုပ်အား ထိုင်းနယ်စပ်၌ အခြေပြုခဲ့သည်။ ကျန် SSA အင်အားစုများသည် SSA အင်အားတောင့်တင်းရေးနှင့် နိုင်ငံရေးအရ ဦးဆောင်မှုပေးနိုင်ရေး
အတွက် ၁၉၇၁ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့တွင် ကျေးသီး မန်စံဒေသအတွင်း၌ SSPP- Shan State Progress Party ရှမ်းပြည်တိုးတက်ရေးပါတီ ကို ဖွဲ့စည်းခဲ့သည်။ SSPP ဥက္ကဌအဖြစ် ခွန်ကြာနုနှင့် အထွေထွေအတွင်းရေးမှူးအဖြစ် စဝ်ဆေဝိုင်တို့က တာဝန်ယူပြီး
ထိုင်းနယ်စပ်တွင်အခြေပြုသည်။ ဒုဥက္ကဌခွန်အုန်းဘောင်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး 
စဝ်ဆေထင်၊ စစ်ဦးစီးချုပ် စိုင်းလှအောင်တို့က ရှမ်းမြောက်တွင်အခြေပြုသည်။
မြောက်ပိုင်းရှိ SSPP/SSA အင်အားစုများသည် ၁၉၇၃ ခုနှစ်တွင် အရှေ့မြောက် ဗမာပြည်ကွန်မြူနစ်ပါတီ CPB များနှင့်ပူးပေါင်း၍ တပ်ပေါင်းစုဖွဲ့ခဲ့ပြိး CPB ထံမှ လက်နက်အကူအညီရယူခဲ့သည်။ CPB နှင့်ပူးပေါင်းခြင်းကြောင့် SSPP/SSA မြောက်ပိုင်းရှိအဖွဲ့များနှင့် ထိုင်း
နယ်စပ်ရှိအဖွဲ့များ သဘောထားကွဲလွဲခဲ့ကြသည်။ ရှမ်းပြည်တောင်ပိုင်းရှိ SSA တပ်ဖွဲ့များသည်
၁၉၈၄ ခုနှစ်တွင် မိုးဟိန်းအဖွဲ့နှင့် ပူးပေါင်းသွားခဲ့ကြသည်။ မြောက်ပိုင်းရှိ SSPP/SSA အဖွဲ့များကတော့ CPB ပြိုကွဲသည့် ၁၉၈၉ အထိ CPB နှင့်တပ်ပေါင်းစု ဖွဲ့စည်းခဲ့ကြသည်။ 
၁၉၈၉ ခုနှစ် CPB ပြိုကွဲပြီးနောက် ကိုးကန့်/ဝ အဖွဲ့များ နဝတ အစိုးရနှင့် အပစ်ရပ်ပြီး ငြိမ်း
ချမ်းရေးယူခဲ့ကြသည်။ ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဒုဥက္ကဌစစ်ဆေထင်
ဦးစီး SSPP/SSA နှင့် နဝတ အစိုးရ အပစ်ရပ်၍ ငြိမ်းချမ်းရေးယူသည်။ နဝတ အစိုးရ SSPP/SSA ထိမ်းချုပ်နယ်မြေများအား ရှမ်းပြည်နယ်အထူးဒေသ ၃ အဖြစ်သတ်မှတ်ပေးသည်။ အဓိက ရှမ်းပြည်မြောက်ပိုင်းဒေသများဖြစ်သည်။ ၁၉၈၉ မှ ၂၀၀၉ ထိကာလများသည် SSPP/SSA အတွက် ငြိမ်းချမ်းသောကာလများဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် SSPP/SSA နာယက ဖြစ်သူ စဝ်ဆေထင်အား ရှမ်းပြည်ညီညွတ်ရေးလှုပ်ရှားမှုများအား ဦးဆောင်သည့်အတွက် နအဖ အစိုးရက နှစ်တရာခန့် ထောင်ဒဏ်နှစ်ရှည်ချခဲ့သည်။
၂၀၀၉ ခုနှစ် နအဖ အစိုးရက အခြားအဖွဲ့များနည်းတူ SSPP/SSA အား ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းရန်ဖိအားပေးခဲ့သည်။ SSPP ဥက္ကဌဖြစ်သူ စဝ်လွယ်မောင်းနှင့် တပ်မဟာ ၃ 
သည် စိန်ဂျော့( သီပေါအနီး) ပြည်သူ့စစ်အဖြစ်၎င်း၊ SSPP ဒုဥက္ကဌ စဝ်ကိုင်ဖနှင့် တပ်မဟာ ၇ သည် ကာလိ ( ခိုလန်အရှေ့ဖက်၊ သံလွင်မြစ်အနီး) ပြည်သူ့စစ်အဖြစ်၎င်း အသွင်ပြောင်းပြိး
နအဖ အစိုးရအောက်ရောက်သွားသည်။ SSPP/SSA စစ်ဦးစီးချုပ် စဝ်ပန်ဖ နှင့် တပ်မဟာ ၁ က ပြည်သူ့စစ်အဖြစ်အသွင်းပြောင်းမှုကို လက်မခံဘဲ ဝမ်ဟိုင်း ( မိုင်းရှူး၊ မိုင်းနောင်အနီး)
အား ဗဟိုပြု၍ SSPP/SSA အဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ ထိုမှစ၍ နအဖ အစိုးရတပ်များနှင့် SSPP/SSA ကြား တကျော့ပြန်တိုက်ပွဲစတင်ခဲ့သည်။ SSPP/SSA သည် စိန်ဂျော့နှင့်ကာလိ ပြည်သူ့စစ်များခွဲထွက်ပြီးနောက် ၁၉၈၉ နောက်ပိုင်း အင်အားအနည်းဆုံးဖြစ်သွားခဲ့
သည်။ စဝ်ပန်ဖဦးစီး SSPP/SSA အင်အားစုများသည် မိုင်းရှူး၊ မိုင်းရယ်၊ ကျေးသီး၊ မိုင်းနောင်ဒေသများတွင် အင်အားပြန်လည်စုဆောင်းရပ်တည်ခဲ့သည်။ အစိုးရတပ်များနှင့် ပြန်လည်တိုက်ခိုက်ရင်းအင်အားတည်ဆောက်ခဲ့ရသည်။ ၂၀၁၂ ခုနှစ်တွင် ဦးသိန်းစိန်အစိုးရ
နှင့် အပစ်အခတ်ရပ်စဲရေး ပြန်လည်ရေးထိုးခဲ့သည်။ သို့သော် ၂၀၁၅/၁၆ ခုနှစ်အထိ အစိုးရ
တပ်များနှင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး နောက်ပိုင်းတွင် တိုက်ပွဲများလျော့ကျခဲ့သည်။
လက်ရှိခေါင်းဆောင်မှု
၂၀၀၅ ခုနှစ်တွင် အဖမ်းခံရသော SSPP/SSA နာယက စဝ်ဆေထင်သည် ၂၀၁၂ ခန့်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှလွတ်ပြီး SSPP သို့ပြန်လည်ရောက်ရှိလာသည်။နောက်ဆုံး
ရရှိထားသည့် SSPP/SSA ၏ ခေါင်းဆောင်မှုမှာ အောက်ပါအတိုင်းဖြစ်သည်။ 
နာယက စဝ်ဆေထင်
စိုင်းနောင်မိန့်လုံ
ဥက္ကဌ စဝ်ပန်ဖ
ဒုဥက္ကဌ ၁ စဝ်ခေးတိုင်း
ဒုဥက္ကဌ ၂ စဝ်ခွန်ဆိုင်း
အတွင်းရေးမှူး ၁ စဝ်ကျော်လှ
အတွင်းရေးမှူး ၂ စဝ်ဆိုင်းဆု
အတွင်းရေးမှူး ၃ စဝ်ဘထွန်း
စစ်ဦးစီးချုပ်. ဒုဗိုလ်ချုပ်ကြီးစဝ်ခင်မင်
ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ? (စီစစ်ဆဲ)
တပ်ပေါင်းစု စဝ်စိုင်းထူး တို့ဖြစ်သည်။ လက်ရှိအခြေအနေတွင် တာဝန်အချို့ အပြောင်းအလဲရှိနိုင်ပါသည်။ 
SSPP/SSA ဌာနချုပ်အား ဝမ်ဟိုင်းတွင် ဗဟိုပြုပါသည်။ 
SSPP/SSA ထိမ်းချုပ်နယ်မြေ
ဝမ်ဟိုင်းအား ဗဟိုပြု၍ မိုင်းရှူး၊ မိုင်းရယ်၊ တန့်ယန်း၊ မိုင်းနောင်၊ ကျေးသီးမန်စံ၊ လားရှိုး၊
သီပေါ၊ ကျောက်မဲ၊ မိုးမိတ်‌ဒေသတို့တွင် ဖြန့်ခွဲလှုပ်ရှားနေသည်ကို တွေ့ရသည်။ ရှမ်းပြည်
မြောက်ပိုင်းအား အဓိကအခြေပြုလှုပ်ရှားသည်။ အဓိက ကျေးလက်ဒေသများအား အခြေပြု
လှုပ်ရှားသည်။ လက်ရှိ SSPP/SSA သည် အုပ်ချုပ်ရေးခရိုင် ၉ ခုဖွဲ့စည်းထားသည်။
ခရိုင်အမှတ် ၁ တန့်ယန်း၊ မိုင်းရှူး၊ မိုင်းကောင်ဒေသ။
ခရိုင် အမှတ် ၃ မိုင်းနောင်၊ ကျေးသီး၊ ဝမ်ဟိုင်းဒေသ
ခရိုင်အမှတ် ၄ စိန်ဂျော့၊ နောင်မွန်၊ နားမခေါ် ဒေသ။
ခရိုင် အမှတ် ၅ မိုင်းရယ်၊ မိုင်းတုံ၊ မိုင်းပန်၊ ဝမ်လီဒေသ။
ခရိုင်အမှတ် ၆ သီပေါ ၊ ကျောက်မဲ၊ မိုးမိတ်ဒေသ။
ခရိုင်အမှတ် ၇ နောင်ချို ၊ ပုံဝိုးဒေသ။
ခရိုင်အမှတ် ၈ မိုင်းယန်၊ နမ္မတူဒေသ။
ခရိုင်အမှတ် ၉ နမ့်ခမ်း၊ မူဆယ် ၊ ပန်ဆိုင်းဒေသ။
ခရိုင်အမှတ် ၁၀ သိန္နီ၊ မိုင်းယော်၊ လားရှိုးဒေသ
တို့ဖြစ်သည်။ ခရိုင်အမှတ် ၂ မထားရှိပါ။ စုစုပေါင်း ခရိုင် ၉ ခုဖွဲ့စည်းထားသည်။ ခရိုင် ၁ ခုအောက်တွင် မြို့နယ် ၃ ခုစီ ဖွဲ့စည်းထားပြီး စုစုပေါင်း မြို့နယ် ၂၇ ခု ဖွဲ့စည်းထားသည်။
တပ်ဖွဲ့စည်း ဖြန့်ခွဲမှု 
SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းတွင် ဌာနချုပ်လုံခြုံရေး တပ်ရင်း ၂ ရင်း၊ အထူးတပ်ရင်း
၁ ရင်း၊ အရံ ၃ ရင်းစုဖွဲ့ထားရှိသည်။ ထို့ပြင် တပ်မ ၃ ခုဖွဲ့စည်းထားပြီး ထိမ်းချုပ်နယ်မြေများအတွင်း ဖြန့်ခွဲထားရှိသည်။ 
၁။ တပ်မ ၉၉၉
တပ်မဟာ ၁ ( လက်အောက်ခံ ရင်း ၄ ရင်း)
တပ်မဟာ ၁၅၃ ( လက်အောက်ခံ ရင်း ၃ ရင်း )
တပ်မဟာ ၆၁၂ ( လက်အောက်ခံ ရင်း ၄ ရင်း )
၂။ တပ်မ ၉၀၉ 
တပ်မဟာ ၇၂ ( လက်အောက်ခံ ရင်း ၅ ရင်း )
တပ်မဟာ ၇၄ ( လက်အောက်ခံ ရင်း ၅ ရင်း)
၃။ တပ်မ ၉၁၈
တပ်မဟာ ၃၆ ( လက်အောက်ခံ ရင်း ၄ ရင်း )
တပ်မဟာ ၂၇ ( လက်အောက်ခံ ရင်း ၄ ရင်း )
တပ်မဟာ၇၀၂ ( လက်အောက်ခံ ရင်း ၄ ရင်း )
စုစုပေါင်း တပ်မဟာ ၈ ခုပါဝင်သော တပ်မ ၃ ခု နှင့် တိုက်ခိုက်ရေးတပ်ရင်းစုစုပေါင်း ၄၀ ခန့်
ဖွဲ့စည်းထားရှိသည်။ ထို့ပြင် မြို့နယ်အလိုက် အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်တပ်များဖွဲ့စည်းထားရှိသည်။ ၎င်းတို့ထိမ်းချုပ်ရာဒေသအတွင်း ၅ နှစ် စစ်မှုထမ်းရန် သတ်မှတ်ထားသည်ဟုသိရသည်။တိုက်ခိုက်ရေးအင်အားအပြင် ဒေသအုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး သည့်နောက်တန်းဌာနအင်အားများပါ ပေါင်းပါက စုစုပေါင်းအင်အား ၁၀၀၀၀ မှ ၁၂၀၀၀ ဝန်းကျင်ခန့်ရှိမည်ဟု ခန့်မှန်းရပါသည်။ အခြေခံအားဖြင့် ၎င်းတပ်ဖွဲ့အား လက်နက်တပ်ဆင်ထားနိုင်ပါ သည်။ 
ဘဏ္ဏာရေး
ဒေသတွင်း အခွန်ကောက်ခံရေးပေါ်အခြေပြုပုံရသည်။ အခြားမသိရပါ။ ဘဏ္ဏာရေးအင်အား အတောင့်တင်းကြီးမဟုတ်သော်လည်း သူ၏တပ်ဖွဲ့ကို လည်ပတ်နိုင်စွမ်းရှိသည်ကိုတွေ့ရသည်။ 
တပ်ပေါင်းစု
လက်ရှိတွင် မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့တွင်ပါဝင်သည်။ UWSP/UWSA နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည်။ နယ်မြေချင်းလည်း ဆက်စပ်နေသည်။ လက်ရှိ RCSS/SSA နှင့် စစ်ရေးပဋိပက္ခ ရှိနေရာ SSPP/SSA သည်TNLA ပူးပေါင်း၍ ရင်ဆိုင်တိုက်ခိုက်နေသည်ကို တွေ့ရသည်။ RCSS နှင့် SSPP ကြားစစ်ရေး ပဋိပက္ခအား တွေ့ဆုံဆွေးနွေးအဖြေရှာရန်ကြိုးစားနေသော်လည်း အောင်မြင်ခြင်း မရှိသေးပါ။ 
အစိုးရနှင့်ဆက်ဆံရေး
၂၀၀၉ ခုနှစ် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခိုင်းရာမှ စစ်ရေးပဋိပက္ခများပြန်လည်စတင်ခဲ့
သည်။ ၂၀၁၂ တွင် ဦးသိန်းစိန်အစိုးရနှင့် biletral အပစ်ရပ်လက်မှတ်ထိုးထားခဲ့သော်လည်း 
၂၀၁၅/၂၀၁၆ ထိ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွါးခဲ့သည်။ ၂၀၁၅ ခုနှစ် NCA လက်မှတ်ရေးထ်ုးရာတွင် ပါဝင်ခဲ့ခြင်း မရှိခဲ့သဖြင့် ယနေ့တိုင် NCA လက်မှတ်ရေးထိုးရေးနှင့်ပတ်သက်၍ ဆွေးနွေးဆဲဖြစ်သော်လည်း ၂၀၁၈ ခုနှစ်နောက်ပိုင်း တရားဝင်ဆွေးနွေးပွဲများ ရပ်တန့်နေပြီး
အလွတ်သဘောဆွေးနွေးမှုသာရှိသည်။ 
ပြည်ပဆက်ဆံရေး
မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်သည့်အားလျော်စွာ တရုတ်နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသည်။ သို့သော် SSPP/SSA တပ်များသည် တရုတ်နယ်စပ်တွင် တပ်ဖြန့် ဖြန့်ခွဲနေရာယူထားခြင်းထက် ပြောက်ကျားစည်းရုံးရေးပုံစံသာရှိပါသည်။
နိုင်ငံရေး၊ စစ်ရေး
နိုင်ငံရေးအရ ဖက်ဒရယ်မူအပေါ်ရပ်တည်သည်။ နိုင်ငံရေးဆွေးနွေးပွဲများ ကျယ်ပြန့်စွာ မကျင်းပနိုင်သေးရာ SSPP ၏ ဖက်ဒရယ်မူအသေးစိတ်ကို မသိရသေးပါ။ ဖက်ဒရယ်နှင့်ပတ်သက်၍ ရှမ်းမူမှာ ၈ ပြည်နယ်မူပေါ်တွင်အခြေခံသည်။ စစ်ရေးနှင့်ပတ်သက်၍ ပြောက်ကျားစစ်အားသာသည်။ SSPP သည် နိုင်ငံရေး စစ်ရေးတို့နှင့်ပတ်သက်သည့် ၎င်းတို့
သဘောထားဖေါ်ပြရာတွင် သိုသိုသိပ်သိပ် ရှိသည်ဟုဆိုရမည်။
မောင်မောင်စိုး
photo credit SSPP ဥက္ကဌ စဝ်ပန်ဖ

Comments

Popular posts from this blog

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (၂)

PSC/NDAA