20 march 2021

အလာစကာဆွေးနွေးပွဲ ဒုတိယနေ့ဆက်တယ်။

အမေရိကန် တရုတ်ဆွေးနွေးပွဲ အပြီး
အစည်းအဝေးအပြီးမှာ နှစ်ဘက်ကိုယ်စားလှယ်တွေက သတင်းထုတ်ပြန်တယ်။ အမေရိကန်ဘက်က သူတို့အာဂျင်ဒါတွေပဲ ပြန်ပြောတယ်။ တရုတ်လုပ်နေတဲ့ စင်ကျန်း၊ ဟောင်ကောင်၊ ထိုင်ဝမ်နဲ့‌ ဆိုက်ဘာတိုက်ခိုက်မှုတွေကို မကြိုက်တဲ့အကြောင်းပြောခဲ့တယ်ဆိုတာပါပဲ။ တရုတ်ဘက်ကတော့ ဆွေးနွေးပွဲဟာ ပွင့်ပွင့်လင်းလင်းရှိတယ်၊ အပြုသဘောဆောင်တယ်၊ အထောက်အကူဖြစ်တယ်လို့ ယန်ကျီးချီဘက်ကပြောတယ်၊ သို့သော် နှစ်ဘက်ကြားမှာ အရေးကြီးတဲ့ သဘောမတူတဲ့အချက်တွေ ရှိနေသေးတယ်လို့လည်းဆိုတယ်။ တရုတ်ဟာ သူ့အမျိုးသား အချုပ်အချာ လုံခြုံရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်သွားမယ်၊ နှစ်ဘက်အပြန်အလှန် ဆက်သွယ်ဆောင်ရွက်သွားနိုင်ဖို့ လိုတယ်လို့လည်း ပြောတယ်။
ဒီတော့ ပထမနေ့က ဘလန်ကင်ပြောအပြီးမှာ ပြောရမယ့်အချိန် ၂မိနစ်ထက်ကြာအောင် ပြန်တုန့်ပြန်ခဲ့တဲ့ ယန်ကျီးချီ ဘက်ကဆွေးနွေးပွဲရလဒ်ကို အကောင်းမြင်တယ်ဆိုတာမှာ တရုတ်ဘက်က အစည်းအဝေးအစမှာ တင်းမာခဲ့သမျှကို နောက်ပိုင်းမှာ ပြန်ဖြေလျှော့ခဲ့တယ်လို့ ကောက်ချက်ချရမယ်။ ဒါသည်ပင်လျှင် တရုတ်တွေရဲ့ အစည်းအဝေးရည်ရွယ်ချက်ဖြစ်ပုံရတယ်။ ဒီတော့ ခုအစည်းအဝေးကို အရင် ဘိုင်ဒင် ရှီကျင်းပင် ဖုန်းပြောတာနဲ့ဆက်စပ်လိုက်ရင် အရင်ကလည်း ရှီကျင်းပင်က ဘိုင်ဒင်ကို ပြောတဲ့ အဓိက အချက်က တရုတ်ကို တန်းတူရည်တူဆက်ဆံပါဆိုတာဖြစ်တယ်။ ဒီတော့ ဆွေးနွေးပွဲ ၂ခုစလုံး (တခုက သမ္မတနှစ်ဦးဖုန်းဆက်တာနဲ့ နောက်တခုက ဒုတိယခေါင်း‌ဆောင်အဆင့် တွေ့ဆုံပွဲ) မှာ အမေရိကန်က တရုတ်ကို သူတို့ပြောချင်တဲ့အချက်တွေပြောခဲ့ပြီး တရုတ်ကအမေရိကန်ပြောသမျှကို သည်းခံထားပြီး (ထိပ်တိုက် တိုက်ရင် မနိုင်နိုင်သေးတာသိလို့) အမျိုးသားရေးဂုဏ်သိက္ခာကို ကာကွယ်တယ်ဆိုတဲ့သဘောမျိုး ရပ်တည်တာ တွေ့ရတယ်။
ရုရှား ပြဿနာ
ရွေးကောက်ပွဲမတိုင်မီက အန်ကယ်ဂျိုးလို့ နာမည်ပြောင်ခေါ်ကြပြီး သူတက်လာရင် ပျင်းစရာကောင်းမယ်လို့ ထင်နေကြတဲ့ နိုင်ငံရေးအကဲခတ်တွေကို ဘိုင်ဒင်က ဗုဒ္ဓဟူးနေ့ကအင်တာဗျူးတခုမှာ လှုပ်နိုးခဲ့ပြန်တယ်။ ရုရှားဟာ ၂၀၂၀အမေရိကန်ရွေးကောက်ပွဲမှာလည်း ထရမ့်နိုင်ဖို့ကို ကူညီခဲ့တယ်။ ဒီလို ဝင်ရောက်စွက်ဖက်ဖို့ ကျိုးစားတဲ့ အထောက်အထားအပြည့်အစုံပါတဲ့ အမေရိကန်‌ထောက်လှမ်းရေးအစီရင်ခံစာ သမ္မတဘိုင်ဒင် ဆီ ရောက်လာတယ်။ ဘိုင်ဒင်ကို သတင်းသမားတွေ အင်တာဗျူးတော့ ပူတင်ကိုလူသတ်သမားလို့ ထင်သလား ဆိုတဲ့ မေးခွန်းတခုမှာ ဘိုင်ဒင်က ထင်တယ်လို့ဖြေခဲ့တယ်။ မော်စကိုကို ဒီသတင်းရောက်တော့ ပူတင်က သူ့ကိုလူသတ်သမားလို့ခေါ်တဲ့ ဘိုင်ဒင်ကို ကျန်းမာပါစေလို့ ပြန်ပြီးဆုတောင်းပေးခဲ့တယ်ဆိုတယ်။ နောက်တော့ အမေရိကန်က ရုရှားသံအမတ်ကို ပြန်ခေါ်တယ်။ ပူတင်က ဘိုင်ဒင်နဲ့ သိပ်မကြာခင် ဖုန်းပြောကြ ရအောင်လို့ ကမ်းလှမ်းတာမှာ ဘိုင်ဒင်က တချိန်တော့ ပြောဖြစ်မှာပါလို့ တုန့်ပြန်တယ်။
ဘိုင်ဒင်က ထုံးစံအတိုင်း ရုရှားကိုအ‌‌ရေးယူဖို့လုပ်မယ်။ ၂၀၂၀ ရွေးကောက်ပွဲစွက်ဖက်မှုအတွက် ရုရှားဟာ တစုံတရာတန်ဖိုးတခုတော့ ပြန်ပေးရမယ်ဆိုတယ်။ လက်ရှိ အနေအထားတွေကြောင့် ရုရှား နဲ့ တရုတ်ဟာ ရှေ့အပတ်ထဲမှာဆွေးနွေးပွဲလုပ်ဖို့ ချိန်းဆိုတာတွေ့ရတယ်။ နှစ်နိုင်ငံစလုံးဟာ အမေရိကန်တိုက်ခိုက်မှုအောက် ကိုရောက်နေရလို့ဖြစ်တယ်။ သို့သော် တပြိုင်နက်တည်းမှာပဲ နှစ်နိုင်ငံစလုံးဟာ အမေရိကန်နဲ့ ထိပ်တိုက် မတွေ့လိုတဲ့ အနေအထားကိုလည်း တွေ့ရပြန်တယ်။
ယူအက်စ်လား ယူအင်လား
ဒါကနိုင်ငံတကာအနေအထားတွေကို ချိန်ဆလို့ရအောင်ပါ။ မနေ့က ပို့စ်မှာ မိတ်ဆွေတယောက်က ‌ဒေသဆိုင်ရာ လုံခြုံရေးပြဿနာတွေဆိုတာ ဘာကိုဆိုလိုသလည်းလို့ မေးတာနဲ့ ဆက်စပ်ပြီး ဒီပို့စ်မှာ ဆက်ရေးချင်တယ်။ အမေရိကန် နိုင်ငံခြားရေးပေါ်လစီအကြောင်း မတ်၄ရက်နေ့က‌ရေးတဲ့ ပို့စ်တခုရှိတယ်။ အဲမှာ ဘလန်ကင်ပြောတဲ့ ပေါ်လစီ၈ချက်မှာ ပထမ၂ခုက ကျန်းမာရေးနဲ့ စီးပွားရေးပါ။ အမေရိကန်ဟာ ဒီ၂ခုကို ထိုက်သင့်သလောက်ထိမ်းနိုင်လာတယ်လို့ ယုံကြည်လာတယ်။ ဒီမှာ ကျန်တဲ့အချက် ၆ချက်ကို နှစ်ပိုင်းခွဲတော့ ရာသီဥတုပြောင်းလဲမှု နဲ့ ဒေသဆိုင်ရာလုံခြုံရေးတွေအဖြစ် ခြုံမြင်ကြည့်လို့ရတယ်။
မြန်မာပြည် ပြဿနာဟာ အမေရိကန်အတွက် ‌ဒေသဆိုင်ရာလုံခြုံရေးပြဿနာဆိုတဲ့‌ခေါင်းစဥ်အောက်မှာ ဒီမိုကရေစီနဲ့ ပထဝီနိုင်ငံရေးဆိုပြီး ၂ပိုင်းထပ်ခွဲလို့ရတယ်။ ဒီမိုကရေစီလို့ခေါင်းစဥ်တပ်ရင် မြန်မာတနိုင်ငံတည်း ကိစ္စဖြစ်တယ်။ ပထဝီနိုင်ငံရေးလို့ပြောရင် မြန်မာဟာ အာရှပစ္စဖိတ် ဒါမှမဟုတ် တောင်တရုတ်ပင်လယ် ပြဿနာတွေနဲ့ ဆက်စပ်တဲ့ အစိတ်အပိုင်းတခုအဖြစ်မြင်ကြည့်ခံရနိုင်တယ်။ ဒေသဆိုင်ရာပြဿနာတွေမှာလည်း အရှေ့အလယ်ပိုင်းမှာ အီရန်ပြဿနာက ကြီးတယ်။ အီရန် ညူကလီးယားလက်နက်ပိုင်ဆိုင်ရင် အလုပ်တွေ ရှုပ်ကုန်မှာမို့ဖြစ်တယ်။ အာရှပစ္စဖိတ်ဆိုပြန်ရင်လည်း မြောက်ကိုရီးယားပြဿနာက ကြီးတယ်။ ဒါစစ်အေး ကတည်းကရှိခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားဟာ လက်နက်အင်အားကြီးနိုင်ငံဖြစ်ပြီး တရုတ်တလက်ကိုင်လို ဖြစ်နေလို့ဖြစ်တယ်။
ဒီတော့ အမေရိကန်သဘောထားက အီရန်လို၊ မြောက်ကိုရီးယားလို အကျပ်အတည်းတွေကို ကိုယ်တိုင်ရှင်း လိုပြီး မြန်မာပြဿနာလိုမျိုးကျတော့ ဖြစ်နိုင်ရင် ယူအင်ကရှင်းတာမျိုးကိုပိုလိုချင်တယ်။ တိတိကျကျ ပြောရရင် အလာစကာမှာ ဘလင်ကန်ဆွေးနွေးနေတာတွေက အမေရိကန်ကတရုတ်ကိုကျပ်ဖို့ ကိုယ်တိုင်ကိုင်တွယ်ချင်တဲ့ ပြဿနာတွေဖြစ်ပြီး၊ ဘိုင်ဒင်ကနေ လုံခြုံရေးကောင်စီကို ရှင်းဖို့ ပြောတဲ့ ပြဿနာတွေကဖြစ်နိုင်ရင် အမေရိကန်တကိုယ်တော်မဟုတ်ပဲ ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီလို လူ့အခွင့်အရေးကောင်စီလိုမျိုးကနေ ရှင်းဖို့ ကျိုးစားနေတဲ့ ပြဿနာတွေ ဖြစ်တယ်။
ဖြစ်နိုင်ခြေတွေ
၁။ အလာစကာဆွေးနွေးပွဲအရကြည့်တော့ တရုတ်ကအမေရိကန်ကိုပြန်ထိန်းထားတာတွေ့ရတယ်။ မြန်မာကိုကြားခံထားပြီး တရုတ်နဲ့အမေရိကန်က CRPH နဲ့ စစ်ကောင်စီကို နောက်ကထောက်ခံပံ့ပိုးပေးပြီး တိုက်တာကို ကြားခံစစ် ((proxy war) လို့ခေါ်တယ်။ အထိအခိုက်များမယ်။ လူတွေ၊ မြို့တွေ အတော်များများထိခိုက်မယ်။ (လက်ရှိမှာ တရုတ်ကော အမေရိကန်ကော ရှောင်လိုတဲ့ပုံစံဖြစ်တယ်)
၂။ တရုတ်ကလက်ရှောင်ပြီး အမေရိကန်က နေပြည်တော်က ပစ်မှတ် ၂ခု၃ခုကို တိုက်ရိုက်တိုက်ခိုက်တာဟာ အကုန်အကျနဲ့ အထိအခိုက်အနည်းဆုံးဖြစ်တယ်။ (တရုတ်က မျက်စိတဖက်မှိတ်ပေးထားမယ်။ အမေရိကန် ဘက်က ပထမဦးစားပေးမသတ်မှတ်ပေမယ့် လုပ်ဖို့လိုရင်လုပ်နိုင်အောင် စီစဥ်ထားတဲ့ သဘောရှိတယ်)
၃။ CRPH နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဖွဲ့စည်းမယ့် ဖက်ဒရယ်ပြည်ထောင်စုတပ်က အာဏာသိမ်း စစ်ကောင်စီကို နယ်တွေမှာတိုက်မယ်။ မြို့ပေါ်မှာ ဆန္ဒပြအဖွဲ့တွေက ပုံစံပြောင်းပြီး ပြောက်ကျားစစ် ဆင်နွှဲမယ်။ အမေရိကန်နဲ့အပေါင်းအပါတွေက နောက်ကွယ်ကထောက်ပံ့မယ်။ (မကြာခင် ဖြစ်လာဖို့ရှိတဲ့ အနေအထားတခုဖြစ်တယ်)
၄။ တွေ့ဆုံဆွေးနွေးရေးဖြစ်မယ်။ (ဖြစ်နိုင်ခြေနည်း)
၄.၁။ အာစီယံ ကြားဝင်တဲ့ ဆွေးနွေးမှုကို အမေရိကန် တရုတ် ၂နိုင်ငံစလုံးက ဖြစ်စေချင်တာတွေ့ရတယ်။ အာစီယံ ကမကထ လုပ်ပြီး ပြေလည်သွားတာလိုချင်တယ်။
၄.၂။ ယူအင်ကြားဝင်တဲ့ ဆွေးနွေးမှုလည်း စတင်ပြင်ဆင်တာတွေဖြစ်လာနိုင်တယ်။ ကုလအထူးသံတမန် ရှေ့အပတ်တွေမှာ နိုင်ငံတွေလှည့်လည်ဖို့ နဲ့ မြန်မာပြည်လာဖို့ကျိုးစားမယ်။
၄.၃။ ယူအင်နဲ့ အာစီယံပေါင်းပြီး ဝင်တဲ့ ဆွေးနွေးပွဲလည်း လုပ်လို့ရတယ်။
၅။ R2P
၂ဖြစ်ရင် မြန်မြန်ကိစ္စပြတ်မယ်။ ဖြစ်နိုင်မဖြစ်နိုင် စောင့်ကြည့်လို့ ရတဲ့ အချက်တခုရှိတယ်။ ဖြစ်နိုင်ခြေ အများဆုံးက ၃ပါပဲ။ ဒီဖြစ်နိုင်ခြေကို EAO နဲ့သာမက အမေရိကန်နဲ့ပါ တိုင်ပင်ထားသင့်တယ်။ ၂ မဖြစ်ပဲ ၃ ဖြစ်လို့ ကိုယ်တိုင်လည်းမတိုက်နိုင်၊ အမေရိကန်အကူအညီလည်းမရလို့ မျောသွားမှ ၅ ဖြစ်လာမှာဖြစ်တယ်။ ဘာမှမတိုက်ပဲ ၄ကိုစစ်ကောင်စီလှည့်ထုတ်လိုက်ရင် နိုင်ငံတကာက ၅ နဲ့ ပြန်တည်သွင်းလိမ့်မယ်။
လက်ရှိအနေအထားတွေအရ ခန့်မှန်းချက်ဖြစ်တယ်။ ဖြစ်နိုင်ခြေတွေက အပြောင်းအလဲတွေရှိတယ်။ ဘာပဲဖြစ်လာဖြစ်လာ စစ်အာဏာရှင်စနစ်ကတော့ မြန်မာမြေပေါ်မှာ ပြီးဆုံးသွားပါပြီ။
လွတ်လပ်စွာကူးယူနိုင်တယ်။

Comments

Popular posts from this blog

သပိတ်မှာ ဆောင်ရန် ရှောင်ရန်

IP တွေ Google Maps တွေနဲ့ ဝရမ်းတွေထုတ်၊ လိုက်ဖမ်းနေတာ ကြောက်ရမလား။