SSPP Vs RCSS





 -အနှစ်ချုပ်-

ရှမ်းပြည်နယ်က မြန်မာနိုင်ငံမှာ နယ်မြေဧရိယာအကျယ်ဆုံးဖြစ်ပြီး RCSS/SSA ၊ SSPP/SSA ၊ PSLF/TNLA ၊ PNLO ၊ MNDAA ၊ MDAA ၊ KIA နဲ့ UWSA တို့ တည်ရှိ လှုပ်ရှားရာ ဒေသဖြစ်ပါတယ်။ ဒါ့အပြင် အခြားလက်နက်ကိုင် အစုအဖွဲ့ငယ်လေးတွေလည်း အများကြီးရှိပါတယ်။ 2010 မတိုင်ခင်က ရှမ်းမြောက်ပိုင်းမှာ စစ်တပ်နဲ့ အပစ်ခတ်ရပ်စဲထားပြီး တောင်ပိုင်းမှာပဲ RCSS/SSA နဲ့ စစ်တပ်ကြား ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။ ၂၀၀၈ မှာ နအဖ အစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြု၊ ပါတီစုံဒီမိုကရေစီအတွက် ခြေလှမ်းစလာပြီး ၂၀၀၉ မှာ လူမျိုးစု  လက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးကာ နယ်ခြားစောင့်တပ် BGF အဖြစ်ကူးပြောင်းစေခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ ရှမ်းပြည်မှာ စစ်တပ်နဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေပြန်စပြင်းထန် ခဲ့ပါတယ်။ ၂၀၁၁ မှာ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး အတွက် ဦးသိန်းစိန်အစိုးရက EAO များနဲ့ တဖွဲ့ချင်းဖိတ်ခေါ်ဆွေးနွေးမှုများရှိခဲ့ပြီး ၂၀၁၃ မှာတော့ NCA ကို ရှမ်းပြည်နယ်မှ လူမျိုးစု လက်နက်ကိုင်အဖွဲ့များဖြစ်တဲ့ PNLO နဲ့ RCSS/SSA အပါအဝင် ၈ဖွဲ့နဲ့ လက်မှတ်ထိုးခဲ့ပါတယ်။ လက်မှတ်ထိုးထားပေမယ့် RCSS/SSA နဲ့အပစ်ခတ်ရပ်မသွားသလို UWSA နဲ့ NDAA တို့မှအပ တခြားပြည်နယ်တွင်း EAO များနဲ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။ ဒီစာစုမှာတော့ SSPP နဲ့ RCSS အကြောင်းကို အဓိက ဖော်ပြသွားမှာဖြစ်ပါတယ်။ 

-ရှမ်းလူမျိုးတို့ရဲ့ လက်နက်ကိုင်ခြင်းအစ-

ကိုနီလိုခေတ်က ဗြိတိသျှအင်ပါယာရဲ့ တောင်တန်းပြည်မ ခွဲခြားအုပ်ချုပ်မှုအောက်မှာ ရှမ်းတောင်တန်းဒေသက ရှမ်းစော်ဘွားများရဲ့ စီမံခန့်ခွဲအုပ်ချုပ်အောက်မှာပဲ ရှိခဲ့ပါတယ်။ 1947 ဖေဖော်ဝါရီလ 12 ရက်နေ့ ဒုတိယအကြိမ်ပင်လုံညီလာခံ ကနေ တောင်တန်းပြည်ပ လွတ်လပ်ရေးပူးပေါင်းရယူဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ရှမ်း၊ကချင်၊ချင်း၊ကရင်နီ နဲ့ ဗမာ တို့ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြပေမယ့် 1948 လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူညီမျှရေးတို့ကို ရရှိခဲ့ခြင်းမရှိပါဘူး။ ရှမ်းလူမျိုးခေါင်းဆောင်ဖြစ်တဲ့ စော်ဘွားကြီးစဝ်ရွှေသိုက်ကိုတော့ နိုင်ငံတော်သမ္မတရာထူး ပေးအပ်ခဲ့ပါတယ်။အဲဒီကာလတုန်းက ဖြစ်ပွားနေတဲ့ နယ်မြေပဋိပက္ခတွေကြောင့် ဦးနုအစိုးရက ကိုင်တွယ် ဖြေရှင်းဖို့ ကြိုးစားရင်း ရှမ်း​​ပြည်နယ်က စစ်ဒဏ်ခံရပြီး ဒေသခံတွေလည်း ဒုက္ခရောက်ခဲ့ကြရပါတယ်။ နယ်မြေမအေးချမ်းမှုနဲ့ အစိုးရရဲ့ အရည်အချင်းမပြည့်ဝမှုတွေကြောင့် ရှမ်းပြည်သူများ ကြားညှပ်ခဲ့ရပြီး အစိုးရတပ်ဖွဲ့ရဲ့ ပြည်သူအပေါ်ကောင်းစွာ မဆက်ဆံကြောင်း အစီရင်ခံစာများအရ သိရှိခဲ့ရပါတယ်။ 1952 မှာအစိုးရက ကျူးကျော်သူတွေကို နှိမ်နင်းဖို့အကြောင်းပြကာ ရှမ်းပြည်တောင်ပိုင်းဒေသတချို့ကို စစ်အုပ်ချုပ်ရေးကြေငြာခဲ့ပြီး စော်ဘွားတို့ရဲ့ အုပ်ချုပ်ခွင့်ကို ထိပါးလာခဲ့ပါတယ်။ဒီအတွက် ကူမင်တန်တွေရဲ့ ကျူး​ကျော်မှုနဲ့ ပြည်မအစိုးရရဲ့ အုပ်ချုပ်ရေးဝင်ရောက်စွက်ဖက်မှုတွေကိုတွန်းလှန်ဖို့ ရှမ်းအမျိုးသားရေးစိတ်ဓာတ် နိုးကြားလာခဲ့တယ်။ 1956 မှာ ရှမ်းလူမျိုးတို့က ဖက်ဒရယ်အ​ရေးနဲ့ ခွဲထွက်ခွင့် အတွက်စဥ်းစားလာတဲ့အခါ အစိုးရက အမျိုးသားရေးလှုပ်ရှားမှုတွေကို အင်အားသုံးဖိနှိပ်မှုတွေရှိခဲ့ပါတယ်။ 1958 ရှမ်းပြည်နယ်မှာ စော်ဘွားများအုပ်ချုပ်တဲ့စနစ်ဖျက်သိမ်းခံရအပြီး အာဏာစွန့်ရတဲ့အခါ ရှမ်းစော်ဘွားတို့ရဲ့အကူအညီနဲ့အတူ ရှမ်းလူမျိုးတို့ရဲ့လက်နက်ကိုင်တော်လှန်ရေးက ကျေးလက်ဒေသတွေမှာ အစပြုခဲ့ပြီး အစိုးရကို ပုန်ကန်တောခိုတဲ့ နွမ်စစ်ဟန်အမည်ရှိ လူငယ်အဖွဲ့က အစောဆုံးဖြစ်ခဲ့ပါတယ်။အဲ့ဒီ​နောက် သဘောထားကွဲကြရာက 1960 ကစပြီး Shan State Independence Army (SSIA) ၊ Shan National United Front (SNUF) ၊ Anti-Socialist United Army (ASUA) ၊ Shan National Army (SNA) ၊ Shan National Independence Army (SNIA) တို့အသီးသီးပေါ်ပေါက်လာခဲ့တယ်။

-ရှမ်းပြည်တပ်မတော်နှင့် အဖွဲ့ကွဲထွက်မှု-

1964 မှာ ကိုးကန့်လက်နက်ကိုင်တပ်အပါအဝင်

SNUF နဲ့ SSIA ပူးပေါင်း​ပြီး  ညောင်ရွှေစော်ဘွားကြီး

စဝ်ရွှေသိုက်ရဲ့အမျိုးသမီးဖြစ်သူ မဟာဒေဝီရဲ့ ဦးဆောင်မှုနဲ့ ရှမ်းပြည်တပ်မတော် Shan State Army (SSA) ကို ဖွဲ့စည်းခဲ့ပါတယ်။  SSA က အစိုးရ စစ်တပ်နဲ့ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေခဲ့ပြီး ရှမ်းပြည် အရှေ့မြောက်ပိုင်းရှိ ဗမာပြည်ကွန်မြူနစ်ပါတီ (Communist Party of Burma-CPB) ဆီကနေ စစ်သင်တန်းနဲ့ လက်နက်အကူအညီရရှိခဲ့ကြတယ်။ 

1971 မှာတော့ SSA ရဲ့ ကနဦးလက်နက်ကိုင်လမ်းစဥ်ရည်ရွယ်ချက်နဲ့ နိုင်ငံရေးဦးဆောင်မှုပေးနိုင်ဖို့ ရှမ်းပြည်တိုးတက်ရေးပါတီ Shan State Progress Party (SSPP) ကိုဖွဲ့စည်းခဲ့တယ်။ 1973 မှာ ရှမ်း​ပြည်မြောက်ပိုင်းရှိ တပ်ဖွဲ့က ဗကပနဲ့ ပူးပေါင်းခြင်းအပေါ် တောင်ပိုင်းတပ်ဖွဲ့ က သဘောထားကွဲလွဲမှုကြောင့် SSA ကနေ Shan State Army-North (SSAN)နဲ့ Shan State Army-South (SSAS)တို့ကွဲထွက်လာခဲ့ပါတယ်။

-SSPP/SSA-

1960 မှာ Shan State Independence Army (SSIA) ကိုစတင်တည်ထောင်ခဲ့ပြီး 1964 မှာ SSA အနေနဲ့ ဖြစ်လာခဲ့ပါတယ်။ အဲ့ကနေ 1971 ရောက်တဲ့အခါ Shan State Progress Party ကိုဖွဲ့စည်းခဲ့ပါတယ်။ လက်ရှိမှာ အင်အား ၈၀၀၀ကျော်ခန့်ရှိပြီး သီပေါ၊ကျောက်မဲ၊လားရှိုးစတဲ့နေရာတွေမှာ လှုပ်ရှားလေ့ရှိပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ 1989 မှာမပြိုကွဲခင်အထိ CPB ဆီကနေ စစ်သင်တန်း လက်နက်အကူအညီများ ရယူခဲ့ပါတယ်။ ဗကပနဲ့ ပူးပေါင်းခဲ့လို့လည်း SSA ထဲမှာ သဘောထားကွဲလွဲမှုတွေဖြစ်ခဲ့တယ်။ SSPP က နဝတ အစိုးရလက်ထက် 1989 အပစ်ခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့​ပြီး SSPP ထိန်းချုပ်ရာနယ်မြေ ရှပ်းပြည်မြောက်ပိုင်းဒေသတွေကို ရှမ်းပြည်နယ်အထူးဒေသ ၃ အဖြစ်သတ်မှတ်ပေးခဲ့တယ်။ 2009 ခုနှစ် စစ်တပ်က လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများကို နယ်ခြားစောင့်တပ်အဖြစ် ဖိအား​ပေးကူးပြောင်းစေတဲ့အခါမှာ SSPP ရဲ့ တပ်မဟာ ၃ နဲ့ တပ်မဟာ ၇ က ပြည်သူ့စစ်အဖြစ် ကူးပြောင်းခဲ့ပါတယ်။ ဗိုလ်မှုးကြီး စဝ်ပန်ဖ ဦးဆောင်တဲ့ တပ်မဟာ ၁ကတော့ ငြင်းဆန်ခဲ့ပြီး SSPP/SSA ကို ပြန်လည်ဖွဲ့စည်းရပ်တည်ခဲ့ပါတယ်။ သို့ပေမယ့် တပ်မဟာ ၃ နဲ့ ၇ က ပြည်သူ့စစ်ဖွဲ့သွားတဲ့အတွက် ပြန်လည်တည်ထောင်တဲ့ SSPP ဟာ အင်အားနည်းနေခဲ့တယ်။ 

ဦးသိန်းစိန်အစိုးရလက်ထက် 2012 မှာ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သော်လည်း NCA ကို လက်မှတ် မထိုးခဲ့ပါဘူး။ 2011 မှာ ဖွဲ့စည်းတဲ့ United Nationalities Federal Council (UNFC) မှာပါဝင်ပြီး 2017 မှာဖွဲ့စည်းခဲ့တဲ့ Federal Political Negotiation and Consultative Committee (FPNCC) မှာလည်းအပါအဝင်ဖြစ်ပါတယ်။ 2019 May လမှာတော့ RCSS/SSA နဲ့အတူ နှစ်ဖက်အပစ်အခတ်ရပ်စဲရေးကြောင်း ပူးတွဲကြေငြာချက်ထုတ်ပြန်ထားပါတယ်။ 

-MTA -

ဘိန်းဘုရင်ခွန်ဆာဟာ မူလက တန့်ယန်းမြို့နယ်၊ လွယ်မော်ကာကွယ်ရေးခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပေမယ့် ၁၉၆၉ မှာ အစိုးရကို ပုန်ကန်ရင်း နောက်လိုက်တွေနဲ့ Shan United Army (SUA) ကိုဖွဲ့စည်းခဲ့တယ်။ SUA ဖွဲ့စည်းပြီးနောက်ပိုင်းမှာ ခွန်ဆာရဲ့ ဘိန်းလုပ်ငန်းဟာ ပိုတွင်ကျယ်လာခဲ့တယ်။ ခွန်ဆာရဲ့ SUA ဟာ ၁၉၈၅ မှာ Tai Revolutionary Army (TRA) နဲ့ပေါင်းပြီး Mong Tai Army (MTA) ကိုဖွဲ့စည်းခဲ့ကြတယ်။ (TRA ဟာ မဟာဒေဝီဦးဆောင်တဲ့ SSA ကနေ ခွဲထွက်ခဲ့တဲ့ Shan United Revolutionary Army- SURA နဲ့ SSPP/SSA တောင်ပိုင်းက ဗိုလ်မှူးကြီးစမ်းမိုင်ရဲ့ တပ်ရင်းတို့ စုပေါင်းထားတဲ့အဖွဲ့ဖြစ်တယ်။) 

-RCSS -

ခွန်ဆာရဲ့ MTA တပ်စုဟာ ရွှေတြိဂံနယ်မြေမှာ လှုပ်ရှားမှုတွေအများကြီးရှိခဲ့တယ်။ ဒီနေရာမှာတော့ လက်ရှိရှမ်းပြည်မှာ ရှိနေတဲ့ အင်အားကြီးရှမ်းလက်နက်ကိုင် ၂ ဖွဲ့အကြောင်းကိုပဲ ဖော်ပြဖို့ရည်ရွယ်တဲ့အတွက် ခွန်ဆာအကြောင်းကို အသေးစိတ်မဖော်ပြတော့ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ၁၉၉၆ မှာ ခွန်ဆာရဲ့ MTA ဟာ နဝတအစိုးရဆီလက်နက်ချခဲ့တယ်။ ဒီလိုလက်နက်ချတာကို လက်မခံတဲ့ ဗိုလ်ချုပ်ရွက်ဆစ်ဦးဆောင်တဲ့ လူအင်အား ၃၀၀ခန့်နဲ့ အဖွဲ့ဟာ သံလွင်မြစ်အနောက်ခြမ်းမှာ တပ်စွဲပြီး ယခင် SURA အဖြစ်ပြန်လည်ခံယူကာ Shan State Army South (SSAS) ကိုပြန်လည်ဖွဲ့စည်းခဲ့တယ်။ အဆိုပါအဖွဲ့အား ၁၉၉၆-၁၉၉၈ အတွင်းမှာ အစိုးရက အပြင်းအထန် ထိုးစစ်ဆင်ခဲ့တယ်။ ၁၉၉၈ နှစ်ကုန်မှာ ထိုင်းနယ်စပ်ကို ကူးပြောင်းအခြေစိုက်ခဲ့တယ်။ အဲ့အချိန်မှာ MTA လက်နက်ချတာကို မလိုလားသူများနဲ့ အခြားသူများက ဗိုလ်ချုပ်ရွက်စစ်ရဲ့ တပ်နဲ့ ပူးပေါင်းတာတွေရှိလာခဲ့တယ်။ 

တစ်ဖက်မှာ ၁၉၉၅ ခုနှစ်က SURA ကတစ်ဆင့် ခွဲထွက်ခဲ့တဲ့ Shan State National Army (SSNA) ဟာ ၂၀၀၄ ခုနှစ်မှာ ခေါင်းဆောင်အပြောင်းအလဲဖြစ်ခဲ့တယ်။ ၂၀၀၅ ခုနှစ်မှာတော့ နအဖစစ်ခေါင်းဆောင်တွေက SSNA ကို လက်နက်စွန့်ဖို့ ဖိအားပေးခဲ့တယ်။ အဲ့အခါမှာ SSAS အဖြစ်ဖွဲ့စည်းထားတဲ့ ဗိုလ်ချုပ်ရွက်စစ်ရဲ့ တပ်နဲ့ SSNA တို့ပူးပေါင်းပြီး Restoration Council of Shan State/ Shan State Army (RCSS/SSA) ကိုဖွဲ့စည်းလိုက်ကြတယ်။ RCSS ဟာ ရှမ်းပြည်အရှေ့ဘက်ခြမ်းမှာ ရှမ်းလူထုရဲ့ ထောက်ခံမှုကို အထိုက်အလျောက်ရတဲ့ အဖွဲ့ဖြစ်တယ်။ ၂၀၁၂ ခုနှစ်မှာ နအဖအစိုးရနဲ့ Bilateral ရေးထိုးခဲ့ပြီး ၂၀၁၃ မှာ Committee of Shan State Union (CSSU) ကို RCSS က ကမကထပြုဖွဲ့စည်းခဲ့ရာ RCSSနဲ့ SSPP အပြင် မြို့ပေါ်ရှမ်းပါတီတွေဖြစ်တဲ့ SNLD (ကျားခေါင်း)၊ SNDP (ကျားဖြူ) နဲ့ ရှမ်းအရပ်ဘက်အဖွဲ့အစည်းတချို့ပါဝင်ခဲ့တယ်။ RCSS ဟာ ၂၀၁၅ မှာ NCA ထိုးခဲ့ပြီး NCA လက်မှတ်ထိုးတဲ့ အဖွဲ့အစည်းတွေထဲမှာ RCSS နဲ့ KNU ဟာ အဓိက အင်အားကြီးအဖွဲ့အစည်းများအဖြစ် ယူဆခံခဲ့ရတယ်။ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်းမှာ RCSS က စစ်ကောင်စီကို RCSS အနေနဲ့သော်လည်းကောင်း၊ NCA ထိုးထားတဲ့ အဖွဲ့တွေစုဖွဲ့ထားသော PPST အဖွဲ့ဝင်အဖြစ်နဲ့ လည်းကောင်းရှုတ်ချမှုတွေလုပ်ခဲ့တယ်။ ဗိုလ်ချုပ်ရွက်စစ်ကိုယ်တိုင်ကလည်း ဖွင့်ပွဲအချို့မှာ မိန့်ခွန်းပြောခဲ့ပြီး Federal Army စုဖွဲ့ဖို့ကိုတော့ FPNCC အဖွဲ့တွေပါမှ ဖွဲ့လို့ရမယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ဖူးပါတယ်။သို့ပေမယ့် ဒီအာဏာသိမ်းမှုနောက်ပိုင်းမှာ RCSS နဲ့ ရှမ်းလူထုကြားမှာသဘောထားကွဲလွဲမှုတွေ ရှိတာကိုလည်း တွေ့လာရပါတယ်။ ၂၀၂၁ မေလအစောပိုင်းက ရှမ်းပြည်မှာ ဖြစ်ခဲ့တဲ့ ရွာလုံးကျွတ်မီးလောင်မှုအချို့ကို RCSS ကိုယ်တိုင်က ရှို့တယ်ဆိုတဲ့ ရေးသားမှုမျိုးတွေတွေ့လာရပါတယ်။ (confirm ဖြစ်တယ်လို့တော့ သေချာပေါက်ပြောလို့မရပါဘူး။) 

လက်ရှိ RCSS လက်အောက်မှာ တပ်မဟာ ၁၀ ခုရှိပြီး အင်အား ၁၂၀၀၀ မှ ၁၅၀၀၀ ခန့်ရှိတယ်လို့သိရပါတယ်။ RCSS ဟာ ရှမ်းတောင်အဖွဲ့ဖြစ်ပေမယ့် ရှမ်းမြောက်မှာလည်း အင်အား ၄၀၀၀ ခန့်ကို တပ်ဖြန့်ထားပါတယ်။ 

-RCSS နဲ့ SSPP ဘာကြောင့်တိုက်နေသလဲ?-

ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်နေတဲ့စစ်တွေက အဓိက ၃ ဖွဲ့ကြားမှာဖြစ်တယ်လို့ပြောလို့ရပါတယ်။ RCSS နဲ့ SSPP အပြင် TNLA(တအန်း) လည်း ပါဝင်ပါတယ်။ အဓိကအားဖြင့်တော့ နယ်မြေလုတာတွေကြောင့် စစ်ဖြစ်နေကြတာဖြစ်ပြီး နောက်ခံ background  အရကြည့်မယ်ဆိုရင် SSPP က ဗကပနဲ့ ပိုနွယ်ခဲ့တာဖြစ်တဲ့အတွက် တရုတ်နဲ့ ပိုနီးစပ်ပြီး RCSS ကတော့ NCA ထိုးတာ၊ အစိုးရနဲ့ ရင်ကြားစေ့တာတွေလုပ်ပြီး US နဲ့ အနောက်အုပ်စုကို ပိုအားသာတဲ့သဘောတွေ့ရပါတယ်။ RCSS၊ SSPP နဲ့ TNLA ကြားက စစ်ပွဲတွေက 'နယ်မြေလုကြတာ'ဆိုတာထက် ရှုပ်ထွေးတဲ့ နောက်ခံအကြောင်းအရင်းတွေရှိနေပြီး နဝတ/နအဖ လက်ထက်က စစ်တပ်ရဲ့ ရှမ်းအဖွဲ့အစည်းအချင်းချင်းကြား သပ်လျှိုသွေးခွဲမှုတွေကြောင့်လည်း ပါပါတယ်။ SSPP က UWSA နဲ့ ဆက်ဆံရေးကောင်းမွန်ပြီး တဖက်မှာလည်း UWSA အနေနဲ့ စစ်တပ်နဲ့ပေါင်းပြီး RCSS ကိုတိုက်ခိုက်တာရှိခဲ့ပါတယ်။ UWSA နဲ့ RCSS မသင့်မြတ်ကြတာကြောင့် ဝ နဲ့ မဟာမိတ်ဆက်ဆံရေးရှိတဲ့ SSPP အနေနဲ့လည်း RCSS နဲ့တိုက်ပွဲများဖြစ်ရတယ် လို့လည်းသိရပါတယ်။ လက်ရှိမှာလည်း မေလ ၇ ရက်နေ့က RCSS နဲ့ SSPP ကြားမှာဖြစ်တဲ့ စစ်ပွဲကြောင့် နောင်ချို၊ ကုလားကွဲရွာမှာ ရွာခံ ၃၀၀ ခန့် ထွက်ပြေးစစ်ရှောင်နေရပါတယ်။ အလားတူ စစ်ရှောင်များက သီပေါမြို့မှာလည်းရှိနေပါတယ်။ RCSS နဲ့ SSPP ညီညွတ်ရေးအတွက် ရှမ်းလူထုက ဆန္ဒထုတ်ဖော်မှုတွေလည်းရှိနေပါတယ်။

-အာဏာသိမ်းမှု၊ RCSS နဲ့ SSPPကြားက ရှမ်းပြည်-

အခုအချိန်မှာ ရှမ်းပြည်မှာဖြစ်တဲ့စစ်ပွဲတွေက စစ်ကောင်စီနဲ့ဖြစ်တာထက် RCSSနဲ့ SSPP ကြားမှာ ဖြစ်တာပိုများနေပါတယ်။ အထက်မှာ ပြောခဲ့သလိုပဲ ရှမ်းလူထုကလည်း RCSS နဲ့ SSPP ပူးပေါင်းဖို့ ဆန္ဒထုတ်ဖော်တာတွေရှိပါတယ်။ ထူးခြားတာကတော့ NUG မှာ ရှမ်းလူမျိုးကိုယ်စားလှယ်ပါဝင်တာမတွေ့ရသလို ရှုပ်ထွေးနေတဲ့ ရှမ်းပြည်ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း NUG/CRPH က ဘယ်လိုပုံစံနဲ့သွားမယ်ဆိုပြီး policy မူဝါဒဆန်တဲ့ ထုတ်ပြန်မှုတွေ၊ ပြောကြားမှုတွေ မတွေ့ရပါဘူး။ People Defense Force (PDF) အောက်ကနေ ပြည်နယ်အသီးသီးက သက်ဆိုင်ရာ Defense Force တွေဖွဲ့နေချိန်မှာ Shan Defense Force ဆိုတာမျိုးကိုလည်း မတွေ့ရသေးပါဘူး။ NUG/CRPH က ရှမ်းပြည်နဲ့ ပတ်သက်ရင် ခြေတစ်လှမ်းနောက်ကျနေတယ်လို့ ထောက်ပြချင်တာပါ။ ရွမ်းပြည်ရဲ့ အရှုပ်အထွေးက RCSS နဲ့ SSPP တင်မဟုတ်ဘဲ အခြား အဖွဲ့အစည်းတွေအများကြီးနဲ့ ပြန့်ကျဲနေတဲ့ အပိုင်းအစလေးတွေလိုဖြစ်နေတာကြောင့် နောက်အဖွဲ့တွေကိုတော့ နောက် article တစ်ခုနဲ့ ထပ်ဖော်ပြပါမယ်။ ရှုပ်ထွေးနေတဲ့ ရှမ်းပြည်အခြေအနေဟာ ရင်လေးစရာပါပဲဆိုတာကိုတော့ ဒီ၂ ဖွဲ့အကြောင်းနဲ့တင် သိနိုင်ပါတယ်။ 

References:

Mg Mg Soe, RCSS/SSA ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (Online.) Available at: https://www.facebook.com/100004587841844/posts/1921594861336757/?d=n. (Accessed: May 9, 2021) 

Mg Mg Soe, SSPP/SSA ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (Online.) Available at: https://www.facebook.com/100004587841844/posts/1920853851410858/?d=n. (Accessed: May 9, 2021)

https://www.ispmyanmar.com/. ISP Peace Desk

Lintner, Bertil, The Shans and the Shan State of Burma 

Burma News International (2019 May) Deciphering Myanmar’s Peace Process: A Reference Guide 2017-2018. (Online). Available at: https://www.mmpeacemonitor. org/download/deciphering-myanmars-peace-process-2017-2018-burmese-version

(Accessed: 18th April 2021)

စစ်၊ငြိမ်းချမ်းရေး တရားဥပဒေစိုးမိုးရေး နှင့် ရှမ်းပြည်နယ်၏ လားရာ။ (Online). Available at:https://u.pcloud.link/publink/show?code=tjXctalK (Accessed: 23th April 2021)

" သျှမ်းပြည်အတွင်း လက်နက်ကိုင်အချင်းချင်းပဋိပက္ခများ ​နဲ့ RCSS/SSA-S က ဘာလို့ စကစကို မတိုက်​သေးတာလဲ ? " Available at: 

https://m.facebook.com/story.php?story_fbid=874024683546505&id=100028169438756 (Online). 

Accessed: 23th April 2021

#YUOPS

Comments

Popular posts from this blog

20 march 2021

သပိတ်မှာ ဆောင်ရန် ရှောင်ရန်

IP တွေ Google Maps တွေနဲ့ ဝရမ်းတွေထုတ်၊ လိုက်ဖမ်းနေတာ ကြောက်ရမလား။