PSC/NDAA

 PSC/NDAA (Peace and Solidarity Committee/ National Democratic Alliance Armmy) ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ/ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် သည် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့၏အရှေ့မြောက်ဖက် ၅၆ မိုင်
အကွာရှိ မိုင်းလားဒေသအား ဗဟိုပြု၍အခြေပြုထားပါသည်။ မိုင်းလားဒေသသည် မူလက ဗမာပြည်ကွန်မြူနစ်ပါတီ ၈၁၅ စစ်ဒေသဖြစ်ပြီး ၁၉၇၁ ခုနှစ် နှစ် နှစ်ကုန်ပိုင်းမှစ၍ စတင်အခြေု့ခဲ့သည့် ဒေသဖြစ်သည်။ ဒေသခံ အာခါလယ်သမားပြောက်ကျားများအား အခြေပြု၍ ပေါ်ပေါက်လာသော စစ်ဒေသဖြစ်သည်။ ဒေသတွင်း၌ အာခါ၊ ရှမ်း၊ လွယ် လူမျိုးများနေထိုင်ကြသည်။ 


၈၁၅ စစ်ဒေသသည် ၁၉၈၉ ခုနှစ် ဧပြီလ ၁၉ ရက်နေ့မှစ၍ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည်။ မိုင်းယန်းဆီလူးဒေသရှိ တပ်မဟာ ၇၆၈ နှင့် ပူးပေါင်းပြီး ၁၉၈၉ ခုနှစ် ဇွန်လ ၃၀
ရက်တွင် နဝတ နှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး ရှမ်းပြည်အထူးဒေသ ၄ ဟု သတ်မှတ်ပေးခဲ့သည်။
၈၁၅ စစ်ဒေသကာလကထဲက တိုက်ပွဲကြီးငယ်များစွာတိုက်ခိုက်သည့် စစ်ရေးအတွေ့အကြုံရှိ
သည်။
လက်ရှိခေါင်းဆောင်မှု 
ဥက္ကဌ ဦးစိုင်းလင်း
ဒုဥက္ကဌ ဦးစမ်ပေ့
ဒုဥက္ကဌ ဦးဆမ်လူ
ဒုဥက္ကဌ ဦးထိန်လင်း
အတွင်းရေးမှူး ဦးကြည်မြင့် အပါ ကော်မတီဝင် ၁၀ ဦးရှိသည်။
PSC အောက်တွင် ဦးထိန်လင်းဦးစီး အဖွဲ့ဝင် ၉ ဦးပါသည့် အတွင်းရေးမှူး အဖွဲ့ကို ထားရှိသည်။
ထိုအတွင်းရေးမှူးအဖွဲ့ကအောက်ပါ ကော်မတီများကို ဦးဆောင်သည်။
၁။ စစ်ရေးကော်မတီ
၂။ ဒေသန္တရအုပ်ချုပ်ရေးကော်မတီ
၃။ စီးပွါးရေးကော်မတီ
၄။ တရားရေးကော်မတီ
၅။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီ စသည်တို့ဖြစ်သည်။
ဒေသန္တရအုပ်ချုပ်ရေးကော်မတီ၊ စီးပွါးရေးကော်မတီ၊ တရားရေးကော်မတီနှင့် မူးယစ်ဆေးဝါး
တိုက်ဖျက်ရေးကော်မတီများအောက်တွင် 
၁။ မိုင်းလားဒေသအုပ်ချုပ်ရေး
၂။ ဆီလူးဒေသအုပ်ချုပ်ရေး
၃။ နန့်ပန်းဒေသအုပ်ချုပ်ရေး
၄။ မိုင်းလားမြို့မအုပ်ချုပ်ရေး
၅။ မူဝါဒဖြန့်ချိရေး
၆။ စီးပွါးဘဏ္ဏာကြီးကြပ်ရေး
၇။ သီးနှံအစားထိုးစိုက်ပျိုးရေး စသည့်ကော်မတီများဖွဲ့စည်းထားသကဲ့သို့ ၎င်းတို့အောက်တွင် ဌာနအသီးသီးဖွဲ့စည်းထားသည်။ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ အခွန်ဌာန၊ ပြင်ပဆက်ဆံရေးဌာန၊ ခရီးသွားလာရေးဌာန၊ မြေစာရင်းဌာန၊ လယ်ယာနှင့်ဆည်မြောင်းဌာန၊ သစ်တော
ဌာန၊ သာသနာရေးဌာန၊ တရားရေးဌာန၊ တရားရုံး၊ ရဲဌာန၊ အကျဉ်းထောင် စသဖြင့်ဖွဲ့စည်းထားသည်။
PSC/NDAA ထိမ်းချုပ်ဒေသ
PSC/NDAA ထိမ်းချုပ်ရာဒေသသည် ရှမ်းအရှေ့ရှိ မိုင်းယန်းမြို့၏အရှေ့ဖက်၊ ကျိုင်းတုံမြို့၏
အရှေ့မြောက်ဖက်၊ မိုင်းယောင်း-မိုင်းယုမြို့များ၏ မြောက်ဖက်နှင့်အရှေ့မြောက်ဖက်တရုတ်နယ်
စပ်တလျောက်တွင်တည်ရှိသည်။တရုတ်နယ်စပ်နှင့် ၃၄၂.၅ ကီလိုထိစပ်နေသည်။ အရှေ့ဖက်တွင် လာအိုနိုင်ငံနှင့် မဲခေါင်မြစ်ကြောင်းအတိုင်း ကီလိုမီတာ ၁၀၀ ကျော်ထိစပ်နေသည်။ နယ်မြေအကျယ်အဝန်းမှာ ၄၉၅၂ စတုရန်းကီလိုမီတာရှိပြီး တောတောင်ထူထပ်သည်။
PSC/NDAA ဌာနချုပ်အား မိုင်းလားတွင် အခြေပြုပြီး အုပ်ချုပ်ရေးဒေသ ၃ ခုပိုင်းခြားထား
သည်။
၁။ နန့်ပန်းဒေသ
ကျေးရွာအုပ်စု ၁၁ စု၊ ကျေးရွာ ၁၆၇ ရွာ၊ လူဦးရေ ၄၀၀၀၀ ကျော်ရှိသည်။
၂။ မိုင်းလားဒေသ
ကျေးရွာအုပ်စု ၇ စု၊ ကျေးရွာ ၈၉ ရွာ၊ လူဦးရေ ၂၀၀၀၀ ကျော်နေထိုင်သည်။
၃။ ဆီလူးဒေသ
ကျေးရွာအုပ်စု ၈ စု၊ ကျေးရွာ ၁၅၆ ရွာ၊ လူဦးရေ ၃၀၀၀၀ ကျော်နေထိုင်သည်။
မိုင်းလားဒေသ တခုလုံးတွင် လူဦးရေ တသိန်းနီးပါးရှိပြီး လာရောက်အလုပ်လုပ်နေသူ ၂၀၀၀၀ ခန့်ရှိသည်။ PSC/NDAA သည် ၎င်းတို့ဒေသတခုလုံးကို ထိမ်းချုပ်ထားနိုင်သည်။ နဝတ/နအဖ ခေတ်က အထူးဒေသ ၄ အဖြစ်သတ်မှတ်မှတ်ပေးခဲ့သည်။ လက်ရှိ ၂၀၀၈ ခြေဥတွင် နန့်ပန်းဒေသအား မိုင်းယောင်း-မိုင်းယု မြို့နယ်အတွင်း၎င်း၊ မိုင်းလားဒေသအား ကျိုင်းတုံ ခရိုင်အတွင်း၎င်း၊ ဆီလူးဒေသအား မိုင်းယန်းမြို့နယ်အတွင်း၎င်း ထည့်သွင်းဖွဲ့စည်းထားသော်လည်း
အစိုရ ထိမ်းချုပ်မှုအောက်တွင်မရှိပါ။ 
NDAA တပ်ဖွဲ့
NDAA သည် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ စစ်ရေးကော်မတီက တာဝန်ယူသည်။ စစ်ရေး
ကော်မတီတွင် PSC ခေါင်းဆောင်များ၏ ကွပ်ကဲမှုအောက်တွင် ဦးလော်ချန်ပေါင်၊ ဦးလီအာလုံတို့က လက်တွေ့တာဝန်ယူသည်။ စစ်ရေးကော်မတီသည် မိုင်းလားတွင် အခြေပြု၍ တပ်ဖွဲ့
များကို ကွပ်ကဲသည်။ စစ်ရေးကော်မတီအောက်တွင် စစ်ဦးစီးဌာန၊ ထောက်ပံ့ရေးဌာန၊ စည်းရုံး
ရေးဌာန၊ ဒေသလက်နက်ကိုင်( ပြည်သူ့စစ်)နှင့် တပ်မဟာများဖွဲ့စည်းထားရှိသည်။
၁။ ဌာနချုပ်တပ်မဟာ - မိုင်းလားဌာနချုပ်
ခြေလျင်တပ်ရင်း ၂ ရင်း၊ လက်နက်ကြီးတပ်ရင်း ၁ ရင်း၊
၂။ တပ်မဟာ ၈၉၆ - မိုင်းလားဒေသ
ခြေလျင်တပ်ရင်း ၃ ရင်း
၃။ တပ်ဟာ ၃၆၉ - ဆီလူးဒေသ
ခြေလျင်တပ်ရင်း ၄ ရင်း
၄။ တပ်မဟာ ၉၁၁ - နန့်ပန်းဒေသ
ခြေလျင်တပ်ရင်း ၅ ရင်း ။
တပ်မဟာအလိုက် ကင်းတပ်ခွဲ၊ အမြောက်တပ်ခွဲ၊ မော်တော်ယဉ်တပ်ဖွဲ့တို့ထည့်သွင်းဖွဲ့စည်းထား
ရှိသည်။ 
အင်အား
လက်နက်ကိုင်တပ်ဖွဲ့ဝင်နှင့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ဝင် စုစုပေါင်းအင်အား ၆၀၀၀ ခန့်ရှိသည်။ ပြည်သူ့စစ်အင်အား ထောင်ဂဏန်းရှိနိုင်ပါသည်။ ခေတ်မှီလက်နက်တပ်ဆင်နိုင်ပြီး
ထောက်ပို့အားကောင်းသည်။ သံချပ်ကာကားအချို့ ဖြည့်တင်းထားသည်ကို တွေ့ရသည်။ လက်
နက်စက်ရုံရှိသည်ဆိုသည့် သတင်းထွက်ပေါ်ခြင်းမရှိသော်လည်း လက်နက်ခဲယမ်းအခက်အခဲ ရှိပုံမရပေ။ 
ဘဏ္ဏာရေး
ဒေသတွင်း၌ ရာဘာဧကတသိန်းခန့်ရှိပြီး ရာဘာအချောကိုင်စက်ရုံ ၈ ရုံရှိသည်။ ပြည်ပသို့ ရာဘာအချောထည် တန် ၆၀၀၀၀ ခန့်ပို့နိုင်သည်။၆၆ မီဂါဝပ်ထွက်သည့် ရေအားလျပ်စစ်စက်ရုံရှိပြီး ဒေသတွင်းဖူလုံ၍ ပြင်ပသို့ရောင်းချရသည်။ မဂ္ဂနီးစ်သတ္တုတွင်းနှင့်သတ္တုကြိုစက်ရုံရှိသည်။ နမ်လွေ့ကူးတို့မှ ပြည်ပကူးသန်းရောင်းဝယ်ရေး အခွန် အကောက်ရရှိသည်။ ဒေါ်လာ
သန်းအချို့ရရှိမည်ဟု ခန့်မှန်းရသည်။ မိုင်းလား- ဝမ်ရှို ရှိ ကာစီနိုရုံများနှင့် ဟိုတယ်များမှအခွန် အကောက်ရရှိသည်။ ထိုအကြောင်းအချက်များအောက်တွင် NDAA သည် ဘဏ္ဏာရေးတောင့်တင်းသည့် အဖွဲ့တခုဖြစ်သည်ကို တွေ့ရသည်။ 
အစိုးရနှင့်ဆက်ဆံရေး
၁၉၈၉ ခုနှစ် နဝတ နှင့် ငြိမ်းချမ်းယူသည်မှစ၍ ၂၀၀၉ အထိ နှစ် ၂၀ ခန့်ဆက်ဆံရေးကောင်း
မွန်သည်။ ၂၀၀၉ ခုနှစ် နအဖ အစိုးရက နယ်ခြားစောင့်တပ်ဖွဲ့ခိုင်းသည်မှစ၍ တင်းမာမှု များ
ပြန်လည်ဖြစ်ပွါးသည်။ ၂၀၁၁ တွင်မှ အစိုးရနှင့် အပစ်အခတ်ရပ်ရေး လက်မှတ်ပြန်လည်ရေးထိုးပြီး ပြန်လည်တည်ငြိမ်သည်။ သို့သော် ယနေ့အထိ NCA လက်မှတ်ရေးထိုးမထားသည့်
အဖွဲ့ဖြစ်သည်။ သို့သော် အစိုရနှင့်ဆက်ဆံရေး မတင်းမာလှပေ။ သို့သော် ၂၀၁၆ မှစ၍ ကျိုင်းတုံ-မိုင်းလားကားလမ်းအား တာပင်းနေ၍ တပ်က ပိတ်ထားသည်။
တပ်ပေါင်းစု 
၂၀၁၇ ထိ မည့်သည့်တပ်ပေါင်းစုတွင်မှ မပါဘဲ သီးခြားရပ်တည်သည်။ UWSA နှင့်ညီနောင်
ဆက်ဆံရေးရှိသည်။ ၂၀၁၀ ခုနှစ် နအဖ အစိုးရနှင့် စစ်ရေးတင်းမာချိန်မှစ၍ UWSA တပ်ရင်း
၃ ရင်းခန့် မိုင်းလားဒေသတွင်းရှိ အစိုးရတပ်များနှင့်ဆိုင်ထားသော တောင်ကုန်းများတွင် ဝင်ရောက်နေရာယူရန် ခွင့်ပြုထားခဲ့သည်။ ၂၀၁၆ ခုနှစ်နှစ်ကုန်ပိုင်းတွင် UWSA နှင့်နယ်မြေကိစ္စ
နှင့်ပတ်သက်၍ အတန်ငယ်တင်းမာမှုရှိခဲ့ပြီး နောက်ပိုင်းတွင် တဖြေးဖြေးလျှော့ချခဲ့သည်။ ၂၀၁၇ ခုနှစ်မှစ၍ မြောက်ပိုင်းနိုင်ငံရေးမဟာမိတ် ၇ အဖွဲ့တွင်ပါဝင်ခဲ့သည်။ မိုင်းလားဒေသသည် ပန်ဆန်းဗဟိုပြု ဝဒေသနှင့် UWSA ၁၇၁ စစ်ဒေသကြားတွင်ရှိနေရာ UWSA အတွက်
အရေးပါသောဒေသဖြစ်နေသည်။ သို့ဖြစ်ရာ အရေးပါသော နိုင်ငံရေး၊စစ်ရေးခြေလှမ်းများ
နှင့်ပတ်သက်၍ ဝ နှင့် မိုင်းလားသည် ခြေလှမ်းတူရန် အလားအလာများသည်။ ထို့ပြင် မိုင်းလား
အဖွဲ့သည့် MNDAA ကိုးကန့်အဖွဲ့နှင့်နီးစပ်မှုရှိသည်။ 
တရုတ်နှင့်ဆက်ဆံရေး
UWSA ကဲ့သို့ပင် တရုတ်နှင့် နယ်စပ်တလျောက်ဆက်စပ်နေရာ တရုတ်နှင့် ဆက်ဆံရေး
ကောင်းမွန်သည်။ တရုတ်နှင့်အဆက်အဆံများသည်။ လာအို၊ ထိုင်းတို့နှင့်စီးပွါးရေးအဆက်အဆံရှိသော်လည်း နိုင်ငံရေးအရ ပတ်သက်မှုမရှိပေ။ မိုင်းလားဒေသတွင်း အနောက်တိုင်း NGO အဖွဲ့ အချို့လှုပ်ရှားခွင့်ပြုထားသည်။
နိုင်ငံရေး၊ စစ်ရေး
မိုင်းလားဒေသသည် သူဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအဖြစ် ခွင့်ပြုရန်လိုလားသည်။ စစ်ရေးအရ ၁၉၈၉ မှစ၍ အစိုးရနှင့် တိုက်ပွဲမရှိ၊ စစ်ရေးအရ သူ့ဒေသသို့ ဝင်ရောက်လာပါက ပြန်လည်ခုခံတိုက်ခိုက်ရန်သာ ပြင်ဆင်ထားသည်။ သူ့ဒေသအပြင်သို့ ထွက်၍တိုက်ခိုက်ခြင်း
၁၉၈၉ မှ ယခုအထိမရှိပါ။ ၁၉၈၉ ခုနှစ် နဝတ နှင့်ငြိမ်းချမ်းရေးယူပြီးနောက်မှစ၍ မိုင်းလားအဖွဲ့အား မတရားသင်းကြေညာသည်ကို မတွေ့ရှိသေးပါ။
မောင်မောင်စိုး

Comments

Popular posts from this blog

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (၂)