PR at glance ပီအာ သို့မဟုတ် ရှုံးလဲနိုင်ရမယ်

 ကွန်မင့် - PR စနစ်မှာ မဲတမဲမှမရဘဲနဲ့တော့ ကိုယ်စားလှယ်နေရာ မရနှိုင်ပါ။ threshold လို့ခေါ်တဲ့ အနည်းဆုံးရာခိုင်နှုန်း သတ်မှတ်ထားတဲ့ မဲအရေအတွက်ရပါမှ ကိုယ်စားလှယ် တနေရာ ရမှာဖြစ်ပါတယ်
ပီအာရ်စနစ်အကြောင်း ရေးထားတယ်။ ကြာပြီ။ ၂၀၁၅ လောက်က။ အခုစာမှာတော့ ကွက်ကွက်ကွင်းကွင်းဖြစ်အောင် ရေးလိုက်တယ်။
၂၂-၈-၂၀၁၆ နေ့က ပြည်တွင်းဂျာနယ်တခုမှာလည်း ရေးခဲ့ပါသေးတယ်။ Proportional Representation System အချိုးကျကိုယ်စားပြုစနစ်
PR at glance ပီအာ 
၁။ နိဒါန်း
၂။ ပီအာ စနစ်အမျိုးမျိုး
၃။ ပီအာ စနစ်ကို ကြိုက်သူတွေအပြောနဲ့ မကြိုက်သူတွေအပြော
၄။ ပီအာ နိုင်ငံရေးကွက်
၅။ ပီအာ နိုင်ငံရေးအလားအလာ
၆။ ပီအာ စနစ်သုံးနေတဲ့နိုင်ငံများစာရင်း
၇။ နိဂုံး
၁။ နိဒါန်း
ကမ္ဘောဒီးယားမှာ နိုင်ငံရေးအပြောင်းအလဲရဲ့ အစပိုင်းလို့ သတ်မှတ်နိုင်တဲ့ ရွေးကောက်ပွဲကို ၂ဝဝ၃ မှာ ကျင်းပတော့ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများအဖွဲ့ ကာတာ ဖေါင်ဒေးရှင်း နဲ့အတူ လိုက်ပါခဲ့ရဘူးတယ်။ မဲပေးတဲ့ရက်မှာ မဲရုံတွေကို တခုပြီးတခုသွားကြည့်ပြီး၊ မဲရေတွက်တာလဲ လေ့လာစောင့်ကြည့်ကြတယ်။ နိုင်တဲ့သူကို ချက်ချင်းဆိုသလို သိရပေမဲ့ ပီအာ စနစ်ရှိနေလို့ မဲအများဆုံးရသူတိုင်းက အမတ်မဖြစ်သေးဘူး။ တွက်တာချက်တာတွေ လုပ်ရသေးတယ်။ ဟွန်ဆန် ဟာ အဲဒီအချိန်ကတည်းက ဝန်ကြီးချုပ်ဖြစ်နေတာ အခုထိပါ။ သင့်ခယူး ပီအာ။
ပီအာ ဆိုတဲ့ Proportional Representation System ဆိုတာ အချိုးကျနည်းနဲ့ လွှတ်တော်မှာ အမတ်ဖြစ်ခွင့်ပြုတဲ့စနစ် ဖြစ်တယ်။ ပီအာ စနစ်ရဲ့ အခြေခံစဉ်းစားချက်ကတော့ မညီမျှမှုတွေကို နည်းစေဘို့၊ ပါတီများများကို နိုင်ငံရေးဖြစ်စဉ် (ဥပဒေပြုရေး) မှာ ပါစေချင်လို့ ဆိုပါတယ်။ ပါတီတခုကနေ မဲစုစုပေါင်းရဲ့ ၄ဝ% ရတယ်ဆိုရင် အမတ်နေရာလဲ ၄ဝ% ရစေမယ်။ ၁ဝ% သာရတဲ့ ပါတီကလဲ ၁ဝ% ရမယ်။ ဒါပေမဲ့ မဲအရေအတွက် အနည်းဆုံးကို ၃%၊ ၄% နဲ့ ၅% စသဖြင့်  သတ်မှတ်ထားတယ်။ တချို့နေရာတွေမှာ ၂% နဲ့ မဲဆန္ဒနယ်သေးရင် ၁၄% လဲရှိတယ်။
၂။ ပီအာ စနစ်အမျိုးမျိုး
(က) Party list PR system ပါတီစာရင်းပီအာစနစ် = မဲပေးသူတွေက ပါတီကိုရွေးရတယ်။ ပါတီတွေကနေ အမတ်လောင်း ဦးစားပေးသတ်မှတ်ပေးရတယ်။ အင်အားကြီးပါတီ ၂ ခုကြား ပြိုင်ရတာ များတယ်။ ပါတီငယ်တွေက မကြိုက်ကြပါ။
(ခ)Single Transferable Vote system (STV-PR) = တပြည်လုံးအတွက်နဲ့ ဒေသတွက်ရောထားတယ်။ ပါတီတွေကနေ ကိုယ်စားလှယ်စာရင်းကို အစီအစဉ်လိုက်ပေးရတယ်။ မဲပေးသူတွေကနေ အမတ်လောင်းတွေကို အဆင့်သတ်မှတ်ပေးရတယ်။ ဒီမိုကရေစီပိုကျတယ်လို့လဲ ပြောကြတယ်။ မဲအလေအလွင့် နည်းစေမယ်။ သြစတြေးလျ အောက်လွှတ်တော်၊ သီးခြားနယ်မြေတွေ၊ မြို့တော်နဲ့ တက်စမေးနီးယားမှာ သုံးတဲ့ ဒီနည်းကို Hare–Clark လို့ခေါ်တယ်။ တခြားလွှတ်တော်တွေမှာလဲ STV ပေမဲ့ နည်းကွဲလွဲတယ်။
Party list PR system ပါတီစာရင်းပီအာစနစ်မှာ သုံးမျိုးရှိတယ်။
(၁) Closed Party List အပိတ်ပါတီစနစ်ကို အသုံးများတယ်။ မဲပေးသူတွေနေ ပါတီကပေးထားသူတွေထဲက ကြိုက်သူကို မဲပေးမယ်။ ပါတီက အချိုးကျရအရေအတွက်အရ အမတ်ရမယ်။ နိုင်ငံရေးပါတီက အမတ်လောင်းနာမည်တွေကို အမှတ်စဉ်လိုက် ရွေးပေးထားရတယ်။ မဲစာရွက်မှာ နိုင်ငံရေးပါတီအမည်ပါမယ်။ ပါတီသင်္ကေတပါမယ်။ ပါတီခေါင်းဆောင် ဓါတ်ပုံပါမယ်။ ဒါပေမဲ့ ဖြစ်လာမဲ့အမတ်ဆိုတာမပါဘူး။ ဥပမာ ၁ဝ၆ နေရာရှိတဲ့ ကနေဒါ၊ အွန်တေးရို မှာဆိုပါစို့။ မဲစုစုပါင်းရဲ့ ၂၅% ရတဲ့ လစ်ဘရယ် ပါတီက ၂၆့၅ နေရာရမယ်။ ဝ့၉% ရတဲ့ ကွန်မြူနစ် ပါတီက ဝ့၉၅၄ နေရာရမယ်။
(၂) Open Party List အဖွင့်ပါတီစာရင်းစနစ်မှာ မဲစာရင်အရှည်ကြီးထဲမယ် ပါတီတိုင်းက အမတ်လောင်းတွေကို ရေးပေးတားတယ်။ စာမျက်နှာ ၁ဝ-၁၅ အထိရှိမယ်။ မဲပေးသူပေါင်း ၁ သန်းရှိတယ်ဆိုပါစို့။ ကွန်ဆာဗေးတစ် ပါတီက ၂၅ဝဝဝဝ ရတယ်ဆိုရင် ၂၆့၅ နေရာရမယ်။ အဖွင့်နည်းကို အနောက်ဥရောပမှာ အတော်များများသုံးတယ်။ မဲပေးသူတွေအနေနဲ့ သူတို့ကြိုက်တဲ့ပါတီလဲ ရွေးနိုင်တယ်။ အဲသည်ပါတီထဲက ကြိုက်တဲ့အမတ်ကိုလဲ ရွေးခွင့်ရှိတယ်။
(၃) Mixed Member Proportional representation (MMP) အရောစနစ်ကို နယူးဇီလန်မှာသုံးတယ်။ မဲပေးသူတွေက မဲ ၂ ခုစီ ပေးရမယ်။ အမတ်လောင်းအတွက်တမဲနဲ့ ပါတီအတွက်တမဲ။ မဲအများဆုံးရတဲ့ အမတ်လောင်းက အမတ်ဖြစ်မယ်။ ဒါပေမဲ့ ပါတီတွေအတွက် ချန်ထားပေးရတာရှိလို့ နိုင်တိုင်းလဲ အမတ်မဖြစ်နိုင်ပါ။
တသီးပုဂ္ဂလအမတ်နဲ့ ပီအာစနစ်
ပီအာ စနစ်မှာ တသီးပုဂ္ဂလအမတ်လဲအရွေးခံနိုင်တယ်။ List PR system စာရင်းပီအာ စနစ်ဆိုရင်တော့ မရပါ။ STV ဆိုရင်ရတယ်။ ဒီနည်းက အမတ်လောင်းကို ဗဟိုပြုလို့ဖြစ်တယ်။ ဥပမာ အိုင်ယာလန်သမတနိုင်ငံမှာ လုပ်တယ်။ တသီးပုဂ္ဂလအမတ်တယောက်ကို တပါတီသဘော ဆက်ဆံရတယ်။
၃။ ပီအာစနစ်ကို ကြိုက်သူတွေအပြောနဲ့ မကြိုက်သူတွေအပြော
• ပီအာ စနစ်ကနေ ပါတီငယ်လေးတွေနဲ့ တသီးပုဂ္ဂလအတွက် တပမ်းသာစေမယ်၊ နိုင်ငံရေးပါတီကြီးနဲ့၊ ပါတီ တခုခုကနေ ကြီးစိုးမှု နည်းစေမယ်လို့ ဆိုတယ်။ ဒါပေမဲ့ ကမ္ဘောဒီးယားမှာ အဲဒီကတည်းက ဟွန်ဆန် ရဲ့ပါတီ CPP ကသာ အခုထိ အာဏာရနေတယ်။ မြန်မာပြည်မှာ တိုင်းရင်သားနိုင်ငံရေးပါတီတွေက ကန့်ကွက်နေကြပါတယ်။
• ပီအာ မှာ အစွန်းရောက်ပါတီတွေက ကြီးစိုးစေနိုင်တယ်။ ဥပမာ သြစတြီးယား ၂ဝဝဝ ရွေးကောက်ပွဲကြည့်ပါ။
• နိုင်ငံရေးမတည်ငြိမ်မှုဖြစ်စရာ အလားအလာများတယ်။ ဥပမာ အီတလီမှာ လွန်ခဲ့တဲ့ နှစ် ၄ဝ အတွင်းမှာ ပါလီမန်ကို (၇) ကြိမ် ဖျက်သိမ်းခဲ့ရတယ်။
• ၁၉၉ဝ အရှေ့ဂျာမဏီမှာ တပါတီတခုက အမတ်လောင်းဟာ ထောက်လှမ်းရေးသတင်းပေးဖြစ်နေတာကို မဲမပေးခင် ၄ ရက်အလိုမှာသိလို့ ပါတီကသူ့ကိုဖြုတ်လိုက်ပေမဲ့ မဲပေးသူတွေက အဲဒီပါတီကိုသာမဲပေးကြရတယ်။
• ညွန့်ပေါင်းအစိုးရတွေဖြစ်စေမယ်။ ညွန့်ပေါင်းအစိုးရတွေမှာ ဥပဒေပြုဘို့အဟန့်အတားတွေဖြစ်ပေါ်စေနိုင်တယ်။ ဆုံးဖြတ်ချက်တွေ နှေးကွေးတယ်။ အပြောင်းအလဲလုပ်တဲ့ကာလမျိုးမှာ လူတွေက မျှော်လင့်ချက်ကြီးနေတာမို့ မျှော်လင့်တာတွေဖြစ်မလာနိုင်လို့ အစိုးရပြုတ်ကျနိုင်တဲ့ အန္တရာယ်ရှိတယ်။
• လွှတ်တော်အမတ်ကို နိုင်ငံရေးပါတီကနေသာ ဆုံးဖြတ်ရလို့ ပါတီခေါင်းဆောင်တွေက ရှိသင့်တာထက် ပိုပြီး အရေးပါလာစေမယ်။ ပါတီခေါင်းဆောင်တွေက အာဏာရှင်ဆန်လာမယ်။ ပါတီတွင်း အားပြိုင်မှုတွေဖြစ်စေမယ်။
• တခြားနည်းနဲ့သာရွေးရင် မနိုင်လောက်တဲ့လူမျိုးကို အမတ်ဖြစ်လာအောင် လုပ်နည်းလဲဖြစ်တယ်။
• အမတ်ဟာ မဲပေးသူလူထုကိုကိုယ်စားပြုသူဆိုတာထက် နိုင်ငံရေးပါတီကိုသာ သစ္စာခံရတဲ့သဘော ဖြစ်နေတယ်။
• ပါတီငယ်လေးတွေကနေ မညီမျှတဲ့ပါဝါရစေနိုင်တယ်။ လူနည်းစုပါတီလေးတွေမှာ အစိုးရအပေါ် ဗီတိုအာဏာ ရထားသလိုဖြစ်နေမယ်။
• နိုင်ငံရေးပါတီတွေ ဖေါင်းပွမယ်။ မြန်မာပြည်မှာ ပီအာ ဆိုတာ အိပ်မက်တောင် မမက်ဘူးခင် ၁၉၈၉ မှာ ပါတီတွေ မှတ်ပုံတင်ကြတော့ ၂၃၅ ပါတီအထိရှိခဲ့တယ်။ စစ်အစိုးရကနေ ပါတီတွေ များများဖွဲ့စေအောင် ဓါတ်ဆီနဲ့ တယ်လီဖုန်း ခွဲတမ်းထုတ်ပေးတယ်။ အခုလဲ ဘာပေးမယ်၊ ဘာပေမယ် ကြားနေရပြန်ပါပြီ။ ပီအာ ပါရောလိုက်ရင် ဖေါင်းပွယုံမက ပုတ်ပွမလားဘဲ။
• သည်းခြေကြိုက်လိုက်ပြောဟောတဲ့ နိုင်ငံရေးပါတီလေးတွေက အရေးပါတဲ့နေရာ ရောက်လာတတ်တယ်။ ဥပမာ အစ္စရေးမှာ ဘာသာရေးအစွန်းရောက်ပါတီနေရာရခဲ့တာမျိုး။ အီတလီမှာလဲ ဘာသာရေးအစွန်းရောက်ပါတီနဲ့ ပေါင်းဖွဲ့ရတာမျိုး။
• ဒီမိုကရေစီပြောင်းကာစနိုင်ငံတွေမှာ ပုဂ္ဂိုလ်ရေးဦးစားပေးမှုတို့ လူမျိုးစုဦးစားပေးမှုတွေက နေရာဝင်ယူတာမျိုး ကြုံတတ်တယ်။ မြန်မာပြည်မှာလဲ ကိုးကွယ်ရာဘာသာတခု အများစုရှိတဲ့နေရာကနေ အနိုင်ရတဲ့ ဘာသာရေး အစွန်းရောက်ပါတီက အစိုးရထဲမှာပါလာနိုင်တယ်။
• အစွန်းရောက်ဆိုတာ လက်ျာ၊ လက်ဝဲ၊ အစွန်းရောက်တွေလဲ ဖြစ်နိုင်တယ်။ ဝိုင်မာဂျာမဏီ ပျက်သုဉ်းခဲ့ရတာ ဒါကြောင့်လို့ သုံးသပ်တယ်။
• မဲပေးသူတွေက အစိုးရကိုမကြိုက်လို့ဖြစ်ဖြစ်၊ အမတ်ကိုမကြိုက်လို့ဖြစ်ဖြစ် ဖြုတ်ချဘို့ခက်ခဲစေမယ်။ ဥပမာ ဂျာမဏီက ဖရီး ဒီမိုကရက်တစ် ပါတီဟာ ၁၉၄၉ ကနေ ၁၉၉၈ အတွင်း အစိုးရထဲမှာ ၈ ကြိမ် ပါနေနိုင်ခဲ့တယ်။ သူတို့တကယ်မဲရတာက ၁၂% သာရှိတယ်။
• မဲဆန္ဒနယ်မြေကြီးမှသာ ပီအာ လုပ်လို့ မဲမသမာမှုနည်းစေမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာတော့ ရွေးကောက်ပွဲမှာ ညစ်တယ်ဆိုတာက အာဏာရပါတီနဲ့ ရွေးကောက်ပွဲကော်မရှင်တွေကသာ လုပ်ပါတယ်။ ၂ဝ၁ဝ မှာ NLD နဲ့ တိုင်းရင်းသား ပါတီတွေက ရွေးကောက်ပွဲမဝင်ကြတာတောင်မှ ကြိုတင်မဲနဲ့ နိုင်အောင်လုပ်ခဲ့တယ်။ ၂ဝ၁၂ ကြားဖြတ်မှာ ဖယောင်းသုတ်ဘို့ လုပ်သေးတယ်။ ၂ဝ၁၅ မှာ ပီအာနည်းနဲ့လုပ်လာတာ ဖြစ်မယ်။
• အမျိုးသားလွှတ်တော်မှာ အဆိုတင်တဲ့ဘက်က အမတ်ကိုဒေသခံဖြစ်ဘို့လို့ပြောပေမဲ့ ပီအာမှာ အမတ်ဆိုတာ ဘယ်ကလာမယ်ဆိုတာ မသေချာပါ။ ဥပမာ အိန္ဒိယအထက်လွှတ်တော်မှာ မကြာခင်က နုတ်ထွက်သွားတဲ့ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း ဟာ အာသန် (အာဆမ်) ပြည်နယ်မှာ အရွေးခံတယ်။ ဆင်း က ဆစ်ခ် လူမျိုးဖြစ်ပြီး၊ ဒေလီမှာသာ နေပါတယ်။ မဲဆန္ဒနယ်နဲ့ မိုင် ၁ဝဝဝ ဝေးတယ်။
• မဲပေးသူ များစေချင်လို့လဲဆိုပါတယ်။ မဲပေးသူနည်းတဲ့ ယူကေ နဲ့ ယူအက်စ် တို့မှာ အနိုင်ရပါတီတခုဟာ မဲဆန္ဒရှင်တွေရဲ့ ၂ဝ-၂၅% လောက်ရရင် ဖြစ်နေတယ်။ ကနေဒါမှာ ၄ဝ% လောက်သာရှိတယ်။ မြန်မာပြည်မှာ တပါတီစနစ်တုံးကဖြစ်ဖြစ်၊ စစ်အစိုးရကနေ ကျင်းပတာဖြစ်ဖြစ်၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွေမှာဖြစ်ဖြစ်၊ ၂ဝ၁ဝ နဲ့ ၂ဝ၁၂ ရွေးကောက်ပွဲတွေမှာဖြစ်ဖြစ်၊ မဲပေးသူများပါတယ်။ ကော်မရှင်ကနေ ဘိုးဘိုးအောင် လုပ်လိုက်လို့ ၂ဝဝရ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ၁ဝ၂% တောင်မှ မဲရုံတခုမှာ ထောက်ခံပါသတဲ့။
၄။ ပီအာ နိုင်ငံရေးကွက်
ပီအာ အကြောင်းကို တခြားလူတွေမပြောနဲ့ နိုင်ငံရေးထဲကလူတွေတောင်မှ နားလည်တဲ့သူ နည်းသေးတယ်။ လေ့လာမှု ဆိုတာလဲ ဘယ်ခေါင်းစဉ်မှာမဆို မကုန်နိုင်ဘူး။ ရေးနေ၊ ပြောနေသူတွေလဲ (ကျွန်တော်အပါအဝင်) အကုန်သိကြတာ မဟုတ်ပါ။ မြန်မာပြည်မှာ ဘယ်လိုဆိုတာ ထွက်မလာသေးလို့ ပြောမရသေးဘူး။
နိုင်ငံရေးလိုတွက်ရင်တော့ အကွက် တွေကို မြင်ပါမယ်။ ဘာကြောင့် ပီအာကိုလုပ်ချင်လာကြသလဲ။ ဘာ့ကြောင့် သည်အချိန်ကြမှ လုပ်ချင်လာရသလဲ။ သည့်နောက်က အကွက် စေ့ဆော်ချက်ကဘာလဲ။ ၂ဝ၁၂ ကြားဖြတ်ပြီးမှ ပီအာ အသံစထွက်တယ်။ NLD လွှတ်တော်ထဲရောက်လာလို့မဟုတ်လား။ NLD ကို ကန့်သတ်ချင်လို့မဟုတ်လား။ ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ ဒေါ်စုကို ကန့်သတ်ထားပြီးပြီ။ အခု ပါတီကို ကန့်သတ်ချင်နေတာမဟုတ်လား။ ဖွဲ့စည်းပုံပြင်ရေးနဲ့ လူတွေ အလုုပ်များနေချိန်၊ ဘာသာရေးအစွန်းရောက်အယူအဆကို ရန်ဖြစ်နေကြချိန်၊ ၂ဝ၁၅ နီးလာချိန်၊ လက်ရှိအစိုးရရဲ့ ဟန်းနီးမွန်း ကာလ ကုန်ဆုံးချိန်မှာ ပီအာ ကိုတင်တာမဟုတ်လား။ ပီအာမဟုတ်လဲ တခြားဟာ ရှာတင်မှာလား။ ဒီလို လုပ်လို့ ပီအာမှာ ကောင်းတာတွေရှိတာတောင်မှ လူကြိုက်နည်းတော့မယ်။ ဆိုရှယ်လစ်လဲ အဲလိုနဲ့ နာမည်ပျက်စေခဲ့ပြီးပြီ။
အနိုင်ရပါတီဟာ သူတို့ရှုံးမှာစိုးလို့ ရွေးကောက်ပွဲစနစ်တခုပြောင်းတတ်သလို၊ အလားအလာရှိတဲ့ အတိုက်အခံပါတီကို အားနည်းစေအောင်လဲ နည်းပြောင်းတတ်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အတွက်နဲ့အကွက်နဲ့ လုပ်နေတာမို့ ဖဲကစား သလိုဘဲ။ ဖဲကစားနည်းကျွမ်းကျင်သူနဲ့ ဖဲလိမ်တတ်သူသာ နိုင်တယ်။ လုပ်နေပုံက တကယ့်ကြေးစားဖဲသမားနဲ့တူတယ်။ ကော်မရှင်က ဖဲဒိုင်။ မြန်မာပြည်ဟာ မသာအိမ် မဟုတ်ပါ။ ရိုးရိုးကျင့် မြင်မြင့်ကြံကြစေချင်ပါတယ်။
၅။ ပီအာ နိုင်ငံရေးအလားအလာ
ပီအာ စနစ်ကျင့်သုံးဖို့အတည်ပြုလိုက်လို့ နိုင်ငံရေးအပြောင်းအလဲအထိ ဖြစ်စရာတော့ မရှိလောက်ပါ။ လက်ရှိနိုင်ငံရေး ဖြစ်တဲ့ အာဏာရထားသူကသာ ဆက်လက် ကြီးစိုး၊ ချုပ်ကိုင်၊ ချယ်လှယ်ရေးကို ပီအာ ကနေ လားရာမပြောင်းလဲစေပါ။ ဒါပေမဲ့ အာဏာရကို ပီအာ ကနေ ကျားကန်ပေးဘို့ရာ ကျားအသစ် တွေ မွေးနေတာသာ ဖြစ်တယ်။ စွမ်းအားရှင် တို့၊ အစိုးရပိုင်မီဒိယာတို့စတဲ့ ဒေါက်တိုင် ဆိုတာတွေကရိုးသွားပြီ။ (ပမညတ) ကနေ ဦးနေဝင်းကို ကျားကန်ပေးပြီး၊ နေရာရသလောက် ဝင်ယူဘို့လုပ်ခဲ့တယ်။ အလံနီတွေကလဲ (နဝတ/နအဖ) ကို အဲလိုလုပ်ပေးခဲ့တယ်။ ကနေ့တော့ အလံရောင်အမျိုးမျိုးတွေ မြင်နေရပြီ။ ကျားပေါက်စတွေ ဆိုတာလဲ အမွေးရမခက်ပါ။ ကျားစာကြွေးရင်ရတယ်။ ကျားလှောင်အိမ် ရှိရင်ဖြစ်တယ်။
၁၉၉ဝ မှာ NLD ရဲ့ အဓိကပြိုင်ဘက် (တစည) ကနေ နိုင်လဲနိုင်ရမယ်၊ ရှုံးလဲနိုင်ရမယ် လို့ ကြွေးကြော်ခဲ့တယ်။ လာမဲ့ ၂ဝ၁၅ ရွေးကောက်ပွဲမှာ အနိုင်ယူထားသူတွေက ဆက်နိုင်အောင်လုပ်ဘို့ ပီအာကို စမ်းသပ်တာဖြစ်တယ်။ ၂ဝ၁၂ မှာ အရှုံးကြီးရှုံးခဲ့သူတွေက နိုင်အောင်လုပ်ဘို့ ပြည်ခိုင်ဖြိုးနဲ့ လက်တွဲမယ်။ တိုင်းရင်းသားနိုင်ငံရေးပါတီတွေကတော့ NLD လိုဘဲ ရှုံးကာမှရှုံးရော သမိုင်းမှာ အမဲစွန်းခံကြမှာမဟုတ်ပါ။
၆။ ပီအာ စနစ်သုံးနေတဲ့ နိုင်ငံများစာရင်း
1. အယ်ဘေးနီးယား Party list
2. အယ်ဂျီးရီးယား Party list
3. အင်ဂိုလာ Party list
4. သြစတြေးလျ ဆီးနိတ် Single Transferable Vote
5. သြစတြီးယား Party list အနည်းဆုံးမဲ ၄%၊
6. အာဂျင်တီးနား Party list
7. အာရူးဘား Party list
8. ဘယ်လဂျီယမ် Party list အနည်းဆုံးမဲ ၅%၊
9. ဗိုလီဗီးယား Mixed member proportional
10. ဘော့စ်နီးယား ဟက်ဇာဂိုဘီးနား Party list
11. ဘရာဇီး Party list
12. ဘူလ်ဂေးရီးယား Party list အနည်းဆုံးမဲ ၄%၊
13. ဘာကီနာဖါဆို Party list
14. ဘာရွန်ဒီ Party list
15. ကမ္ဘောဒီးယား Party list
16. ကိပ် ဗာဒီ Party list
17. ကိုလမ်ဘီယာ Party list
18. ကော်စတာရီကာ Party list
19. ခရိုယေးရှား Party list ၅% အနည်းဆုံးမဲ
20. ကာရာကာအို Party list
21. ဆိုက်ပရပ်စ် Party list
22. ချက် Party list အနည်းဆုံးမဲ ၅%၊
23. ကွန်ဂို Mixed member proportional
24. ဒိန်းမတ် Party list
25. ဒိုမီနီကန် Party list
26. အီကွေတိုရီယယ် ဂီနိ Party list
27. အက်စတိုးနီးယား Party list အနည်းဆုံးမဲ ၅%၊
28. ဖင်လန် Party list
29. ဂျာမဏီ Mixed member proportional, အနည်းဆုံးမဲ ၅%၊ (ခရိုင် ၃%)၊
30. ဂီနီဘစ်ဆော Party list
31. ဂိုင်ယာနာ Party list
32. ဟောင်ကောင် Party list
33. ဟန်ဂေရီ Mixed member proportional
34. အိုက်စလန် Party list
35. အိန္ဒိယ (အထက်လွှတ်တော်) Single Transferable Vote by State Legislatures
36. အင်ဒိုနီးရှား Party list
37. အီရတ် Party list
38. အိုင်ယာလန် Single Transferable Vote (For Dáil only)
39. အစ္စရေး Party list အနည်းဆုံးမဲ ၂%၊
40. အီတလီ Party list အနည်းဆုံးမဲ ၄%၊
41. ဂျပန် Mixed member proportional
42. လတ်ဗီးယား Party list အနည်းဆုံးမဲ ၅%၊
43. လီဆိုသို Mixed member proportional
44. လိုက်ဘေးရီးယား Party list
45. လီချန်စတိုင်း Party list အနည်းဆုံးမဲ ၈%၊
46. လစ်သူယေးနီးယား Party list
47. လူဇင်ဘတ် Party list
48. မက်ဆီဒိုးနီးယား Party list
49. မော်လတာ Single Transferable Vote
50. မက်ဆီကို Mixed member proportional
51. မော်လ်ဒိုဗာ Party list
52. မွန်တီနေဂရိုး Party list
53. မော်ရိုက်ု Party list အနည်းဆုံးမဲ ၆%၊
54. နမီးဘီးယား Party list
55. နီပေါ Party list
56. နယ်သာလန် Party list
57. နယူး ကယ်လီဒိုးနီးယား Party list
58. နယူးဇီလန် Mixed member proportional, အနည်းဆုံးမဲ ၅%၊
59. နိုက်ကာရာဂွါ Party list
60. မြောက်အိုင်ယာလန် Single Transferable Vote
61. နော်ဝေ Party list
62. ပါရာဂွေး Party list
63. ပီရူး Party list
64. ပိုလန် Party list အနည်းဆုံးမဲ ၅%၊
65. ပေါ်တူကီ Party list
66. ရိုမေးနီးယား Mixed member proportional, အနည်းဆုံးမဲ  ၅%၊
67. ရုရှား Party list အနည်းဆုံးမဲ ၇%၊
68. ဆန် မာရီနို Party list
69. ဆယ တော်မီ နှင့် ပရင်စပယ် Party list
70. ဆားဗီးယား Party list
71. စိန့် မာတင် Party list
72. ဆလိုဗေးကီးယား Party list အနည်းဆုံးမဲ ၅%၊
73. ဆလိုဗေးနီးယား Party list အနည်းဆုံးမဲ ၄%၊
74. တောင်အာဖရိက Party list
75. တောင်ကိုရီးယား Mixed member proportional, အနည်းဆုံးမဲ ၃% (ခရိုင် ၅%) ၊
76. စပိန် Party list သေးတဲ့မဲဆန္ဒနယ်တွေမှာ အနည်းဆုံးမဲ ၃%၊
77. သီရိလင်္ကာ Party list
78. ဆူရီနမ် Party list
79. ဆွီဒင် Party list တပြည်လုံး၊ အနည်းဆုံးမဲ ၄%၊ (ခရိုင် ၁၂%)၊
80. ဆွစ်ဇာလန် Party list
81. တိုင်ဝမ် Mixed member proportional
82. ထိုင်း Mixed member proportional
83. ကျူနီးရှား Party list
84. တူရကီ Party list အနည်းဆုံးမဲ ၁ဝ%၊
85. ယူရူဂွေး Party list
86. ဗင်နီဇွဲလား Mixed member proportional
87. ဝေါလစ်နှင့် ဖူကျူနာ Party list
၇။ နိဂုံး
တခြားနိုင်ငံတွေမှာကျင့်သုံးနေတာတွေကိုကြည့်ပြီး မှတ်ချက်ပေးတာလေးတွေ ဖတ်ရပါတယ်။ နော်ဝေမှာတော့ နိုင်ငံရေး တည်ငြိမ်တယ်။ နယူးဇီလန်မှာက ဒီမိုကရေစီကျတယ် စသဖြင့်။ မြန်မာပြည်ဟာ ဝန်ရိုးစွန်းတွေနဲ့ ဝေးလွန်းပါတယ်။
ချုပ်လိုက်ရင် လက်ရှိစနစ်နဲ့လုပ်လို့ ပါတီငယ်တွေဟာ နိုင်တဲ့အမတ်အရေအတွက် နည်းပေမဲ့ ပီအာ စနစ် အရတော့ အမတ်ဦးရေ ပိုရနိုင်တယ်။ ဥပမာ ၁၉၉ဝ ရွေးကောက်ပွဲမှာ ပီအာ စနစ်သာရှိခဲ့ရင် တစည က အမတ်ဦးရေ ဒုတိယ အများဆုံးရမယ်။ အဲဒီတုံးက ပီအာ မဟုတ်လို့ တစည က စတုတ္ထနေရာသာရတယ်။ (နဝတ) သတင်းစာရှင်းလင်းပွဲမှာ အဲလိုတွက်ချက်ပြခဲ့သေးတယ်။ တနည်းအားဖြင့် မဲစုစုပေါင်းရဲ့ ၂၅% ရတဲ့ ပါတီဟာ ကာချုပ် လိုဘဲ အမတ် ၂၅% ခန့်နိုင်တာ ပီအာ ဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်မှာ ပီအာ အဆိုတင်သူက လက်ရှိရွေးကောက်ပွဲစနစ်ဟာ ၉၁ ဌာနအုပ်ချုပ်ရေးကတည်းက နိုင်သူ အကုန်ယူစနစ် ဖြစ်နေတယ်တဲ့။ ကျွန်တော့်အမြင်က ၁၉၉ဝ မှာ အကုန်နိုင်သူက အရှုံးပေးခဲ့ရတယ်။ ဒိုင်စားသွားတယ်။ ဝင်မပြိုင်သူက အနိုင်ယူလိုက်တယ်။ အခုလုပ်နေတာဟာ အကုန်ယူချင်သူက အနိုင်ယူဘို့ရာ ပီအာ နဲ့ကြိုးစားနေတာသာ ဖြစ်ပါတယ်။
ဖြည့်စွက်ချက်။ ဒီစာရေးပြီးနောက်မှာ မဆလ တဖြစ်လဲ တစည ပါတီက ၁၉၉ဝ ရွေးကောက်ပွဲကိုကိုးကားပြီး ပီအာ ကိုလိုလားကြောင်းပြောတယ်။ ကိုယ့်အတွက်ကိုသာကြည့်တာ ပီအာ လို့ပြောပါရစေ။
ဒေါက်တာတင့်ဆွေ
၇-၄-၂၀၁၅
၂၁-၅-၂၀၂၁

Comments

Popular posts from this blog

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (၂)

PSC/NDAA