စစ်ကောင်စီ ဘာမှားမလဲ…..

 စစ်ကောင်စီဘက်က၊ မေလအကုန်မှာ အားလုံး အပြီးသပ် ပွဲပြီး မီးငြိမ်း၊ ငြိမ်ဝပ်ပိပြားမှုလုပ်ငန်းစဉ်အရပ်ရပ်ကို အမြှီးသိမ်း လုပ်ဆောင်မယ်လို့ မစ်ရှင် ထားခဲ့ပုံရပါတယ်။ ဒါ့ကြောင့် အစီအစဉ် တစ်ရပ်ချင်းစီကို တစ်ရစ်ချင်းစီ ဝက်အူရစ်တင်းပြီး နောက်မဆုတ်တမ်း ဆက်လက် လုပ်ဆောင်နေတာကို တွေ့နေရပါတယ်။ ဒါပေမယ့် စစ်ကောင်စီရဲ့ အစီအစဉ်တွေထဲမှာ၊ ထင်မှတ်မထားရဲ့ ဖြစ်ရပ်တွေကြောင့် အထ မ,မြောက်ခဲ့တာတွေ အမြောက်အမြားရှိလာခဲ့ပါတယ်။ ဒါကို မျက်စိစုံမှိတ်ပြီးတော့ ဆင်ကန်းတောတိုး ဆက်လက်လုပ်ဆောင်နေတာကိုလည်း တွေ့နေရပါတယ်။ ဒါတွေဟာ၊ ကိုယ့်ဇာတ်သိမ်းကို ကိုယ့်ဘာသာ ပြင်ဆင်နေခြင်းဖြစ်တယ်ဆိုတာကို တော့ စစ်ကောင်စီဘက်က သတိမူမိဟန် မတူဘူး။ သတိမူမိအုံးတော့၊ ဗဟိုချုပ်ကိုင်မှုနဲ့ အထက်အောက် အဆင့်ဆင့် လုပ်ဆောင်နေရတဲ့ အဖွဲ့အစည်းမျိုးမှာ၊ စစ်ကောင်စီ ခေါင်းဆောင်ကို သိနားလည်အောင် ပြောပြလို့ ရဟန် မတူဘူး။ စစ်ကောင်စီ ထိပ်ပိုင်းအုပ်စုထဲမှာ ဖောက်ပြန်တဲ့ အရပ်သားနိုင်ငံရေးသမားဟောင်းကြီးတွေ ထည့်ထားပေမယ့်၊ ဒီနေ့ ပစ္စုပ္ပန်မှာတွေ့နေရတဲ့ အစီအစဉ်တွေဟာ စစ်ကောင်စီကြိုတင် ရေးဆွဲပြီးသား အစီအစဉ်တွေကိုပဲ တစ်ရစ်ချင်းစီ တိုးလုပ်နေပုံ ရတယ်။ ဒါက ဖြစ်စဉ်ထဲက လုပ်ရပ်။ 
• ၂၀၂၁ မေလ အကုန်မှာ၊ ငြိမ်ဝပ်ပိပြားရေး စာရင်းထဲ ပါသွားမယ့် မြို့တွေရှိပေမယ့်၊ လုံးဝ ထိန်းအုပ်လို့ မရတဲ့ မြို့တွေဟာ အလျှိုလျှို ပေါ်လာပါလိမ့်အုံးမယ်။ အခုလောလောဆယ် နားလည်ရသလောက်တော့၊ ချင်းပြည်နယ် မင်းတပ်မြို့၊ စစ်ကိုင်းတိုင်း ကနီမြို့၊ မုံရွာ၊ ရွှေဘိုနဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသတော်တော်များများ။ ပြီးတော့ မန္တလေးတိုင်းထဲက ကွန်မြူနစ်အမာခံနယ်တွေ ဖြစ်ခဲ့ဖူးတဲ့ မြင်းခြံခရိုင်တွင်းက မြို့တွေ၊ ရွာတွေ။ မြန်မာပြည်အောက်ပိုင်းမှာလည်း လက်နက်ကိုင်အင်အားစုတွေနဲ့ နီးစပ်တဲ့ ဒေသတော်တော်များများ။ ပဲခူးတိုင်းထဲမှာတော့ ကေအန်ယူထိန်းချုပ်နယ်မြေနဲ့ ၎င်းလက်တံမှီရာ ဒေသ တော်တော်များများ။ နောက်…. ရှမ်းမြောက်တစ်ခွင်က ဒေသတွေ။ အထူးသဖြင့် တရုတ်နယ်စပ်ကုန်သွယ်ရေးနဲ့ ထိစပ် ဆက်စပ်ရာ ဒေသတွေ။ ကချင်ပြည်နယ်နဲ့ ကချင် - စစ်ကိုင်းတိုင်း နယ်စပ်။ ကချင် - ရှမ်းပြည် နယ်စပ် .. စတဲ့ဒေသတွေမှာ ကြိမ်မီးအုံးသလို တငွေ့ငွေ့နဲ့ တဖြည်းဖြည်း ဆက်တိုက်လောင်ကျွမ်းလာလိမ့်အုံးမယ်ဆိုတာ နားလည်ရတယ်။ ဒီတော့ စစ်ကောင်စီအတွက် သူကျွမ်းကျင်တဲ့ ဧရိယာမှာကိုက အခုအခံအတားအဆီးတွေ များလာတဲ့သဘော။ နောက်ရှိသေးတယ်။ ဖက်ဒရယ်တပ်မတော်ရဲ့ ရှေ့ပြေးနိမိတ်ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ။ 
• ပြည်မဒေသတွေရဲ့ အတွင်းပိုင်းကို ဖြန့်ကျက်လှုပ်ရှားမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စွမ်းပကားဟာ တဖြည်းဖြည်းနဲ့ အရှိန်အဟုန်မြင့်လာမယ်လို့ မြင်နေရတယ်။ ဒီနေ့ လှုပ်ရှားနေတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စုစည်းမှုက ဘာနဲ့ တူသလဲဆိုတော့၊ ၁၈၈၅ သီပေါမင်း ပါတော်မူပြီးနောက်ပိုင်းမှာ၊ မြန်မာပြည်ဒေသအနှံ့အပြားက ဒေသတွင်း မျိုးချစ်ခေါင်းဆောင်တွေက ရရာလက်နက် စွဲကိုင်ပြီးတော့ ကိုလိုနီအင်္ဂလိပ်အစိုးရတပ်ကို ခုခံတာနဲ့ တူနေတယ်။ ပုဂံမှာ ဗိုလ်ချို။ နတ်မောက်မှာ ဗိုလ်မင်းရောင်။ ဝန်းသိုမှာ ဦးအောင်မြတ်…. အစရှိသကဲ့သို့သော ပုန်ကန် အာခံမှုတွေ။ အခုလည်း ထိုနည်းလည်းကောင်း ပုန်ကန်ထကြွမှုတွေ အသီးသီး အနှံ့အပြားပဲ မဟုတ်လား။ 
• အဲသည့်တုန်းက အဖြစ်အပျက်ကို ပြန်ကြည့်ရင်…. အင်္ဂလိပ်ဟာ သီပေါမင်းကို နန်းချဖို့အတွက် သူ့တပ်အင်အားကို အဲသည့်လောက် မသုံးခဲ့ရဘူး။ ဒါပေမယ့် ပါတော်မူပြီးနောက်ပိုင်း ဒေသအသီးသီးက ထကြွ ပုန်ကန်မှုတွေကိုတော့ မနည်း ငြိမ်ဝပ်ပိပြားအောင် နှိမ်နင်းခဲ့ရတဲ့ သာဓက ရှိတယ်။ အင်္ဂလိပ်က မြန်မာပြည်တွင်းက နဂိုမူလ ချထားတဲ့တပ်တွေနဲ့တောင် မနိုင်တော့လို့၊ အိန္ဒိယက ကိုလိုနီလက်အောက်ခံတပ်တွေကိုတောင် ခေါ်ယူပြီးတော့ ကာလရှည်ကြာ ကြမ်းကြမ်းတမ်းတမ်း နှိမ်နင်းခဲ့ရတယ်။ နောက်ပိုင်း မြန်မာပြည်တွင်းက ဒေသတွင်း ရွာတွေက ဘယ်သူ ဘယ်ဝါ သူပုန်ထပြီး ပုန်ကန်ထကြွလည်းဆိုတာတောင် ခွဲခြားလို့ မရနိုင်တော့လို့၊ သမားရိုးကျ နှိမ်နင်းတာကို ဖျက်ပြီး လူထုကြောက်အောင် ရွာလုံးကျွတ် မီးရှို့ပြတာတွေကိုတောင် လုပ်ခဲ့တယ်လို့ လေ့လာရတယ်။ 
• ဆိုလိုချင်တာက…. အခုလည်း စစ်ကောင်စီ ကြုံနေတဲ့အဖြစ်က ဒီလို အဖြစ်မျိုး။ အာဏာသိမ်းတာကို ရက်ပိုင်းအတိုင်း ချည်ပြီးတုပ်ပြီး အစီအစဉ်တကျ လုပ်ဆောင်နိုင်ခဲ့ပေမယ့်၊ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ထကြွ ပုန်ကန် တော်လှန်မှုတွေကို လွယ်လွယ်နဲ့ အပြီးမသပ်နိုင်ခဲ့ဘူး။ ဒီ ၂၀၂၁ တစ်နှစ်လုံးကုန်ရင်တောင်မှ၊ စစ်ကောင်စီဟာ ငြိမ်ဝပ်ပိပြားမှု ကို ပြီးစီးအောင် လုပ်နိုင်မယ် မထင်ဘူး။ ပိုလို့တောင် အကျပ်အတည်း ဆိုက်ရောက်နိုင်ကိန်းတွေ မြင်နေရတယ်။ အကြောင်းကတော့…. စစ်ကောင်စီ မပိုင်နိုင်တဲ့ နယ်ပယ်မျိုးတွေကို ထပ်ပြီး အုပ်ထိန်းစီမံနေရမှာကြောင့်ပဲ ဖြစ်တယ်။  
• ဘယ်လို နယ်ပယ်မျိုးဟာ စစ်ကောင်စီ မပိုင်နိုင်တဲ့ နယ်ပယ်မျိုးလဲ။ 
• ဒါကတော့ ရှင်းပါတယ်။ စီးပွားရေး နယ်ပယ်ဖြစ်ပါတယ်။ ကျောက်ခေတ် ကြေးခေတ်အလွန် ကုန်သွယ် ကူးလူး သွားလာမှု သဘောတရားလောက်ကိုသာ ကြေညက်တဲ့ စစ်ကောင်စီဟာ စီးပွားရေး မျက်နှာစာမှာ ထပ်ရှုံးပါလိမ့်အုံးမယ်။ စစ်ကောင်စီဟာ နိုင်ငံရေးအရ ရှုံးပြီးခဲ့ပြီ။ တနည်းအားဖြင့် လက်နက်နဲ့ အာဏာ ကိုင်ထားသူမှာ ဂုဏ်သိက္ခာမလို။ အသိအမှတ်ပြုမှု မလို။ လက်နက်နဲ့ အာဏာသာ လိုတယ်လို့ ဆိုပေမယ့်၊ စစ်ကောင်စီဟာ အာဏာကို တပ်မတော်အပေါ် ပြည်သူက ယုံကြည်တဲ့ ယုံကြည်မှုနဲ့ စတေးလိုက်ပြီးပြီ။ ဒါဟာ နောက်ကြောင်းပြန်လှည့်လို့ မရတော့ဘူး။ တပ်မတော်ဟာ စစ်ကောင်စီကြောင့် ပြည်သူ့တံတွေးခွက်မှာ ပက်လက်မျောခဲ့ပြီးပြီ။ လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် လက်နက်ကိုင်ထားတဲ့ စစ်တပ်ဟာ၊ ငြိမ်ဝပ်ပိပြားမှုလုပ်ငန်းစဉ်မှာ တစ်ဝက်နိုင်ပေမယ့်၊ တစ်ဝက် မနိုင်သေးဘူး။ တစ်ဝက်နိုင်တယ်ဆိုတာကလည်း၊ သူကျွမ်းကျင်တဲ့ လုပ်ငန်းစဉ်မှာမို့ တစ်ဝက်လောက်နိုင်နေတာလို့ ပြောလို့ရတယ်။ သူ မကျွမ်းကျင်တဲ့နယ်ပယ်မှာတော့ သူ အပြတ်အသတ်ရှုံးနိမ့်ပါလိမ့်မယ်။ သူ မကျွမ်းကျင်တဲ့ နယ်ပယ်ဟာ ဘယ်နယ်ပယ်လဲ။ 
• စီးပွားရေး နယ်ပယ်ဖြစ်ပါတယ်။ အားလုံး အမှတ်ရကြသေးမယ် ထင်ပါတယ်။ စစ်ကောင်စီရဲ့ ဘိုးအေ၊ တော်လှန်ရေးကောင်စီ၊ မဆလ လမ်းစဉ် အစိုးရဟာ ဘာ့ကြောင့် ပြုတ်ကျသွားခဲ့ရပါသလဲ။ သမိုင်းကို ညက်ညက်ကြေ နားလည်ထားရင် အဖြေဟာ တန်းသိပါလိမ့်မယ်။ တော်လှန်ရေးကောင်စီကို တောတွင်းမှာ လက်နက်ကိုင်ပြီး ခံတိုက်ခဲ့တဲ့ အင်အားစုတွေ အမြောက်အမြား ရှိပါတယ်။ အဲသည့်အချိန်တုန်းက၊ အထင်ကရကတော့ ဗကပ။ ဗမာပြည်ကွန်မြူနစ်ပါတီ ဖြစ်ပါတယ်။ ဆိုရှယ်လစ် အစိုးရ (တနည်း) တော်လှန်ရေးကောင်စီ အစိုးရ ဘာ့ကြောင့် နိဂုံးချုပ်သွားသလဲ။ သူ့ရဲ့ မဟာရန်သူ တော် ဗကပက ဖြိုခွင်းနိုင်ခဲ့လို့လား။ မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ဗကပ ကိုယ်တိုင် ၁၉၈၉ မှာ တပ်တွင်းပုန်ကန်မှုနဲ့ နိဂုံးချုပ်သွားပါတယ်။ ဒါဟာတောတွင်းမှာ။ မြို့ပေါ်မှာ ဆိုရှယ်လစ်လမ်းစဉ် အစိုးရဟာ လူထု ပုန်ကန် ဆန္ဒပြမှုတွေကြောင့် နိဂုံးချုပ်သွားခဲ့ရပါတယ်။ လူထု ဆန္ဒပြပွဲတွေဟာ ဘယ်လို နောက်ကွယ်က အကြောင်းတရားတွေကြောင့် ဖြစ်ပေါ်ခဲ့သလဲ။ ငွေကြေး ပြိုလဲမှု ၊ စီးပွားရေး ရိုက်ခတ်ချက်ကြောင့် ဖြစ်ပါတယ်။ 
• ဆိုရှယ်လစ်ခေတ် တစ်လျှောက်လုံးမှာ အထွေထွေ စီးပွားရေး ချွတ်ခြုံကျမှု ဒဏ်တွေကို အလူးအလဲ ခံနေရတဲ့ ပြည်သူလူထုဟာ ငွေကြေး ပြိုလဲမှု (ငွေကြေး တရားမဝင် ကြေညာမှု) တွေကြောင့် အုံလိုက် ကျင်းလိုက် အထိနာခဲ့ပါတယ်။ ဒီအထိနာမှုဟာ လမ်းစဉ်ပါတီရဲ့ နိဂုံးကို အဆုံးသတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဆိုရှယ်လစ် လမ်းစဉ် အစိုးရ ဗိုလ်နေဝင်းဟာ စီးပွားရေးကို နားမလည်ဘဲ၊ စီးပွားရေးနဲ့ ငွေကြေး စီမံခန့်ခွဲမှု ကိစ္စတွေကို ဆေးမှီးတိုနဲ့ ရှော့ရိုက်ကုထုံးတွေ ခဏ ခဏ လုပ်အပြီးမှာ၊ သူ့ဇာတ်သိမ်းကို သူ့ဘာသာ ပုဒ်မ (။) ချလိုက်ရပါတော့တယ်။ ဒါဟာ ပုံပြင် မဟုတ်ပါဘူး။ ဒါဟာ လက်တွေ့ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ 
• ကိုဗစ် ကပ်ဘေးကြောင့် အထွေထွေ စီးပွားရေး ချွတ်ခြုံကျနေတဲ့ မြန်မာပြည်ကို အာဏာသိမ်းမှုနဲ့၊ နူရာ ဝဲ စွဲ၊ လဲရာ သူခိုးထောင်း….လုပ်လိုက်ကြတယ်။ လမ်းစဉ်ပါတီ မကျဆုံးခင်က မြန်မာပြည်ရဲ့ အထွေထွေစီးပွားရေး ချွတ်ခြုံကျမှုနဲ့ တစ်ထပ်တည်းပါပဲ။ နောက်ဆုံး ၁၉၈၇ မှာ ငွေကြေးဖျက်သိမ်းလိုက်တော့၊ နောက်ဆုံး ရိုက်ခတ်ချက်ဟာ တစ်ချက်တည်းနဲ့ ပွဲသိမ်း ဖြစ်ခဲ့ပါတော့ တယ်။ အခုလည်း တစ်ချက်တည်းနဲ့ ကျင်းဝင်ဖို့ပဲ ကျန်တော့တယ် ထင်ပါတယ်။ 
• တော်လှန်ရေးကောင်စီက ၆၂ မှာ အာဏာသိမ်းတော့၊ လူထုဟာ တိုးတိုးတစ်ဖုံ၊ ကျယ်ကျယ် တစ်မျိုး ထောက်ခံခဲ့ကြပါသေးတယ်။ ပါလီမန်ခေတ် တစ်လျှောက်လုံး နိုင်ငံရေးဂိုဏ်းဂဏ ပေါင်းစုံက အာဏာလု အပုတ်ချပွဲတွေကို ပြည်သူက ငြီးငွေ့ စိတ်ပျက်နေတာကြောင့် ဖြစ်ပါလိမ့်မယ်။ အခုလည်း စစ်ကောင်စီက ပါလီမန်ခေတ်က အာဏာလုပွဲတွေ အပုတ်ချပွဲတွေလို ဇာတ်ကြောင်းမျိုးကို ဖန်တီးခင်းကျင်းပါတယ်။ ဒါပေမယ့် စစ်ကောင်စီရဲ့ ခင်းကျင်းမှု ဇာတ်ကြောင်းဟာ…. အင်။ အတု။ ဒါကို တပ်တွင်းက နလပိန်းတုံးတွေပဲ လက်ခံတယ်။ တခြား ဘယ်သူမှ လက်မခံဘူး။ 
• အခု စစ်ကောင်စီရဲ့ အာဏာသိမ်းမှုအတွက် လူထုထောက်ခံမှုဟာ ဇီးရိုး။ ဗလာနတ္ထိ၊ တုမရှိ။ 
• လမ်းစဉ်ပါတီ အစိုးရကို နိဂုံးချုပ်ပေးလိုက်တာဟာ…. ဘယ်သူ မပြု၊ မိမိကိုယ်တိုင် ပြုခဲ့တဲ့ စီးပွားရေး ကုထုံး။ ငွေကြေး ရှော့ရိုက်ကုထုံးတွေကြောင့် သူ့ဇာတ်သူ သိမ်းသွားခဲ့ရတာပါ။ မြန်မာပြည် စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ ကာလတစ်လျှောက်လုံးရဲ့ စီးပွားရေး သမိုင်းကို လေ့လာကြည့်ရင်၊ စစ်အစိုးရတိုင်းဟာ စီးပွားရေး မလုပ်တတ်ကြဘူး ဆိုတဲ့ အဖြေဟာ ရှင်းရှင်းဘွင်းဘွင်းကြီး ပေါ်နေတယ်။ ဒါကိုလည်း အမှားကို အမှားကျော့။ အမှားကို ထပ်မှားဖို့ လုပ်နေုပြန်ပါတယ်။ စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာ ကုထုံးတွေကို စီမံခန့်ခွဲတဲ့အခါမှာ၊ စစ်ကောင်စီဟာ ငြိမ်ဝပ်ပိပြားမှု လုပ်ငန်းစဉ်တွေလိုပဲလို့ လွယ်လွယ် မှတ်ထင်နေပါတယ်။ ဒါဟာ သူ့ဇာတ်ကို သိမ်းပေးမယ့် သူ့လုပ်ရပ် ဖြစ်ပါတယ်။ 
• ငွေကြေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ နယ်ပယ်ဟာ ငြိမ်ဝပ်ပိပြားရေးလုပ်ငန်းစဉ်တွေနဲ့ သဘောသဘာဝ မတူပါဘူး။ တခြားသောနယ်ပယ်တွေမှာ၊ ဒီခလုတ်ကို နှိပ်ရင် ဒီ တံခါး ပွင့်တယ်လို့ ဆိုပေမယ့်၊ ငွေကြေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ မှာတော့ ဒီလို မဟုတ်ဘူး။ ဒီခလုတ်နှိပ်ရင် ဒီတံခါး ပွင့်ချင်မှ ပွင့်မယ်။ ပွင့်ချင်တဲ့ တံခါး ပွင့်တယ်။ အဲသည့်အထဲမှာ တံခါးတွေ ပွင့်စေချင်လို့ ကိုယ်ထင်တဲ့ ခလုတ် စွတ်နှိပ်တဲ့အခါ သေမင်းတံခါးဝဟာ တစ်ကြိမ်ကြိမ်မှာ ပွင့်လာတယ်။ အဲသည့်အခါမှာ၊ ဇာတ်သိမ်းဟာ စတင်တော့တာပဲ။ ဦးနေဝင်းဟာ ဒီလို အဖြစ်မျိုးကို ကြုံခဲ့တယ်။ အခုလည်း စစ်ကောင်စီဟာ ဒီလို အဖြစ်မျိုးကို ကြုံအုံးမှာပဲ။ မြန်မာတွေဟာ အမှတ်သည်းခြေ မရှိဘူးလို့ ပြောတဲ့အထဲမှာ၊ စစ်တပ်ဟာလည်း မြန်မာဖြစ်လို့ အမှတ်သည်းခြေ မရှိဘူးလို့ပဲ ပြောလို့ ရပါလိမ့်မယ်။ 
• သူ့တံခါးကို သူ့ဘာသာ ဖွင့်ပါလိမ့်မယ်။ တံခါးတိုင်း ပွင့်ချင်ဇောနဲ့ ခလုတ်တွေကို မသိနားမလည်ဘဲ လျှောက်နှိပ်တဲ့အခါ…. မရဏ တံခါးဟာ တစ်ချိန်ချိန်မှာ ပွင့်ပါလိမ့်မယ်။ ဘယ်သူ မပြု မိမိ အမှု။ တူသော အကျိုး ပေးတယ်။ 
မင်းသေ့ 
မေလ၊ ၂၀၂၁ ။

Comments

Popular posts from this blog

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (၂)

PSC/NDAA