လစ်ဘရယ်ဝါဒနဲ့ မြန်မာ့နိုင်ငံရေး
ရှေးခေတ်တုန်းက ဘုရင်နဲ့ မှူးမတ်တွေဟာ မျိုးရိုးဆက်ခံတဲ့ ပိုင်ဆိုင်မှုတွေ၊ အခွင့်ထူးတွေ ရှိကြတယ်။ ဘုရင်က ကြိုက်တာလုပ်လို့ရတယ်။ အခွန်တိုးကောက်တာ၊ မြေသိမ်းပစ်တာတွေ လုပ်ပစ်နိုင်တယ်။ ဘယ်သူမှ သူ့ကို ခံမပြောရဲဘူး။
ဥရောပရဲ့ ဉာဏ်အလင်းပွင့်ခေတ် ဒဿနပညာရှင်တွေက အစိုးရနဲ့ ပြည်သူကြား ဆက်ဆံရေးကို အမျိုးမျိုး တွေးခေါ်ခဲ့ကြတယ်။ တိုင်းနိုင်ငံတွေရဲ့ အရှိတရားဟာ အစိုးရနဲ့ ပြည်သူကြားမှာ ထားရှိတဲ့ ‘social contract’ခေါ် သဘောတူညီချက်တစ်ခုအပေါ် အခြေခံရတယ်လို့ သူတို့က တွေးခေါ်လေ့ရှိတယ်။ သူတို့ရဲ့ အယူအဆတွေမှာ မင်းမဲ့အခြေအနေ (state of nature) နဲ့ တိုင်းနိုင်ငံ (state) အခြေအနေနှစ်ရပ်ကို နှိုင်းယှဉ်စဉ်းစားလေ့ရှိတယ်။ မင်းမဲ့အခြေအနေကို ‘social contract’ တစ်ခုခုနဲ့ တိုင်းနိုင်ငံ လုပ်ခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်း ဘယ်လိုဖြစ်လာသလဲဆိုတာကို အဖြေရှာကြတယ်။
၁၇ရာစု ဒဿနပညာရှင် Thomas Hobbes က လူဟာ မင်းမဲ့အခြေအနေမှာ ခိုးဆိုးလုယက်သတ်ဖြတ်နေမယ်လို့ ယုံကြည်တယ်။ ဒါကြောင့် လူဟာ ဗဟိုအချုပ်အချာတစ်ခုခု (ရှင်ဘုရင်) ကို ဖန်တီးပြီး၊ မိမိရဲ့ ဘဝလုံခြုံရေးအတွက် မိမိရဲ့ လွတ်လပ်မှုကို အလဲအလှယ် လုပ်လိုက်ရတယ်လို့ ဆိုတယ်။ သူ့အယူအဆက ဘုရင်တွေ သည်းခြေကြိုက်ပေါ့။
John Locke ဆိုတဲ့ ဒဿနပညာရှင်ကတော့ မင်းမဲ့အခြေအနေအပေါ် အမြင်မတူပါ။ Locke အတွက်တော့ လူအများစုက မင်းမဲ့အခြေအနေမှာ ဆင်ခြင်တုံတရားနဲ့ နေထိုင်ကြတယ်။ အလုပ်ကြိုးစားပြီး ရရှိလာတဲ့ သူများပိုင်ဆိုင်မှုကို ခိုးဆိုးမလုယက်ရဘူးလို့ ယူဆတယ်။ တစ်ကိုယ်ရည် ပိုင်ဆိုင်မှုတွေကို လူအချင်းချင်း နားလည်တယ်။ ကိုယ်ကြိုးစားမှ ကိုယ်ရမယ်။ ဆင်ခြင်တုံတရားရှိသူတိုင်းဟာ အသက်ရှင်ခွင့်၊ ပိုင်ဆိုင်ခွင့်၊ တစ်ကိုယ်ရည် လွတ်လပ်ခွင့်တွေကို နားလည်ကြပါသတဲ့။ အဲဒါကို သဘာဝရပိုင်ခွင့် (natural rights) တွေလို့ခေါ်တယ်။ ဒါပေမယ့် တချို့လူနည်းစုကတော့ ဆိုးကိုဆိုးတယ်။ ဒါကြောင့် လူတိုင်းရဲ့ သဘာဝရပိုင်ခွင့်တွေကို စောင့်ရှောက်မယ့် တရားဥပဒေလိုတာပြီမို့ လူအဖွဲ့အစည်းဟာ တိုင်းနိုင်ငံ (state) ကို ထူထောင်ရပါတယ်တဲ့။
John Locke ရဲ့ အဆိုအရ တိုင်းနိုင်ငံတွေဟာ ပြည်သူတွေရဲ့ လက်ချက်ဖြစ်တယ်။ ပြည်သူကနေ အခွင့်အာဏာ အပ်နှင်းမှု (“Consent of the Governed”) ရှိမှ အစိုးရက တိုင်းပြည်ကို အုပ်ချုပ်ခွင့်ရတယ်။ တိုင်းနိုင်ငံမရှိလည်း နေလို့ရပေမယ့်၊ တိုင်းနိုင်ငံရှိရင် ပိုကောင်းတယ်ပေါ့။ Hobbes ရဲ့ မော်ဒယ်မှာလို၊ လူတွေအကုန်လုံး မင်းမဲ့စရိုက်ဖြစ်လာမှာကို စိုးကြောက်ပြီး လူ့အဖွဲ့အစည်း ငြိမ်ဝပ်ပိပြားဖို့အတွက် ရှင်ဘုရင်တင်မြှောက်လိုက်ရတာ မဟုတ်ပါ။ Locke ရဲ့ အယူအဆအရဆိုရင် ဘုရင်ဟာ သူ့ကို ပြည်သူလူထုက အခွင့်အာဏာ အပ်နှင်းမှသာ တိုင်းပြည်ကို တရားဝင်အုပ်ချုပ်နိုင်တာ ဖြစ်တယ်။ ဒီ့အပြင် ဘုရင်နဲ့ ဗဟိုအစိုးရဟာ လူတွေရဲ့ သဘာဝရပိုင်ခွင့်တွေကို လေးစားရမယ်။ အဲဒါကို ချိုးဖောက်ဖျက်ဆီးရင်၊ လူတွေက အုပ်ချုပ်ခွင့်ကို ပြန်ရုတ်သိမ်းမယ်။ အဲဒီ့အစိုးရဟာ တရားမဝင်တော့ဘူးဖြစ်မယ်လို့ Locke က ယူဆတယ်။
John Locke ရဲ့အယူအဆဟာ ဘုရင်စနစ်ထွန်းကားချိန်မှာ ပေါ်ပေါက်ခဲ့တာဖြစ်ပြီး အခွင့်ထူးခံ ဘုရင်ရဲ့ အာဏာအလွဲသုံးစားလုပ်မှုတွေကို ဆန့်ကျင်မေးခွန်းထုတ်ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေကို ချိုးဖောက်တာ၊ ပိုင်ဆိုင်မှုတွေကို သိမ်းချင်သလိုသိမ်း၊ အခွန်တွေ တိုးကောက်တာ စတာတွေပေါ့။ သူ့အယူအဆက အဲဒီ့လုပ်ရပ်တွေကို ဆန့်ကျင်တယ်။ Locke ရဲ့အယူအဆကို Liberalism (လစ်ဘရယ်ဝါဒ) လို့ခေါ်ပါတယ်။ ဗဟိုအချုပ်အချာရဲ့ အကြွင်းမဲ့အာဏာကို ငြင်းဆိုတဲ့ နိုင်ငံရေးရပ်တည်ချက်ပေါ့။
နောက်ပိုင်း ဒဿနပညာရှင်တွေအတွက်တော့ Liberal ရပိုင်ခွင့် ကဏ္ဍသုံးရပ်ရှိတယ်။ နိုင်ငံရေးလွတ်လပ်ခွင့် (civic liberties) မှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်/စုရုံးခွင့်၊ တရားဥပဒေအောက်မှာ သာတူညီမျှရေး စတာတွေပါတယ်။ လူမှုရေးလွတ်လပ်ခွင့် (individual liberties) တွေမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကနေ စလို့ တစ်ကိုယ်ရည် လွတ်လပ်ခွင့်အားလုံး အကျုံးဝင်တယ်။ စီးပွားရေးလွတ်လပ်ခွင့် (economic liberties) မှာ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်၊ လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားခွင့်တွေ ပါဝင်တယ်။ Liberalism အမျိုးမျိုး ဖြစ်လာတာနဲ့အမျှ Locke ရဲ့ နဂိုအယူအဆကို Classical Liberalism (နဂိုလစ်ဘရယ်ဝါဒ) လို့ ရည်ညွှန်းလေ့ရှိကြတယ်။ Classical Liberalism က အဲဒီ့ ကဏ္ဍတွေထဲကမှ စီးပွားရေးကဏ္ဍကို အထူးပြုပါတယ်။ ဘာလို့လဲဆိုတော့ အစတည်းကလည်း ဘုရင်တွေကနေ လူလတ်တန်းစားအပေါ် ဗိုလ်ကျအနိုင်ကျင့်တာကို ဆန့်ကျင်ဖို့ လုပ်ခဲ့တဲ့ အယူအဆဖြစ်နေတာကိုး။
၁၈ရာစုနှောင်းပိုင်းနဲ့ ၁၉ရာစု အနောက်ဥရောပမှာ Classical Liberalism လွှမ်းမိုးခဲ့တယ်။ အမေရိကန် ပြည်ထောင်စုဟာ Classical Liberalism ကို အခြေခံဥပဒေမှာ ပထမဆုံး ရေးဆွဲတဲ့ နိုင်ငံဖြစ်လာပါတယ်။ အဲဒီ့ အရင်းရှင်နိုင်ငံတွေမှာ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးကို အားပေးတယ်။ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေကို အရမ်းတန်ဖိုးထားတယ်။ အခွန်အများကြီးမကောက်ကြပါ။ နိုင်ငံ့စီးပွားရေးကို အစိုးရက သိပ်မခြယ်လှယ်ဘူးပေါ့။ စီးပွားရေးမှာ ပြည်သူပိုင်ကဏ္ဍထက် ပုဂ္ဂလိကကဏ္ဍက ပိုအားကြီးတာပေါ့။
ဒီလိုနဲ့ ကိုလိုနီခေတ်က အရင်းရှင်စနစ်နဲ့ Classical Liberalism ဟာ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ ဖြစ်လာတယ်။ ၁၉ရာစုနှောင်းပိုင်းမှာ အင်အားကြီးဥရောပနိုင်ငံတွေထဲမှာ ဂျာမနီ၊ ဩစတြီးယားနဲ့ ရုရှားတို့ကသာ ဗဟိုအချုပ်အချာ အားကောင်းတဲ့ နိုင်ငံတွေ အဖြစ် ကျန်တော့တယ်။ ပထမကမ္ဘာစစ်မှာ အဲဒီ့ထဲက ဂျာမနီနဲ့ ဩစတြီးယားက ဗဟိုအင်ပါယာနိုင်ငံတွေအနေနဲ့ အဲဒီ့ အရင်းရှင် liberal ကိုလိုနီအင်ပါယာတွေနဲ့ စစ်ဖြစ်ခဲ့တယ်။ အားလုံး သိတဲ့အတိုင်း သူတို့ရှုံးတယ်ပေါ့။ နောက်တော့ ဒုတိယကမ္ဘာစစ် ထပ်ဖြစ်တယ်။ ကမ္ဘာစစ်ကြီးနှစ်ခုဖြစ်လိုက်တာရယ်၊ ကြားထဲမှာ ‘Great Depression’ စီးပွားကပ်ဆိုက်တာရယ်ကြောင့် ဥရောပလည်း အတော်ခြုံးခြုံးကျသွားပြီ။ တိုင်းပြည်တွေကို ပြန်ထူထောင်ဖို့ Classical Liberalism နဲ့ မဖြစ်နိုင်တော့ဘူး။ ဒီလိုနဲ့ အစိုးရအထောက်အပံ့နဲ့ လူမှုဝန်ထမ်း အစီအစဉ် (welfare program) တွေ အားကောင်းလာတယ်။ အစိုးရက နိုင်ငံ့စီးပွားရေးကို ဝင်စွက်ဖက် ထိန်းကွပ်ခဲ့ရတယ်။ ဒီလိုနဲ့ အနောက်ဥရောပနိုင်ငံတွေမှာ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ဘုံအကျိုး (common good) သက်ဝင်တဲ့ လစ်ဘရယ်ဝါဒ - ဆိုရှယ်လစ်ဘရယ်ဝါဒ (Social Liberalism) ခေတ်စားလာတယ်။ အရှေ့ဥရောပမှာတော့ လက်ဝဲအယူအဆတစ်ခုဖြစ်တဲ့ ဆိုရှယ်လစ်ဒီမိုကရေစီ (social democracy) ခေတ်စားခဲ့တယ်။
ကြားဖြတ်ပြောရရင် ဒီနှစ်ခု တူမလိုနဲ့ မတူပါ။ Social liberalism က အရင်းရှင်စနစ်ရဲ့ classical liberalism ကနေ အသွင်ပြောင်းလာတဲ့ အယူအဆဖြစ်ပြီး၊ ဘုံအကျိုးနဲ့ တိုင်းပြည်နာလန်ထူရေးကို စီးပွားရေးလွတ်လပ်ခွင့်ထက် ပိုဦးစားပေးမယ်လို့ မြင်သူတွေပါ။ Social democracy ကျတော့ ဆိုရှယ်လစ်ဝါဒီတွေက နိုင်ငံတစ်ခုရဲ့ အရင်းရှင်စီးပွားရေးကို ဆိုရှယ်လစ်စီးပွားရေးအဖြစ် လုံးလုံးလျားလျား အသွင်ပြောင်းမယ့်အစား အချက်အချာကျတဲ့ စီးပွားရေးကဏ္ဍ တွေကို ဆိုရှယ်လစ်အစိုးရက အုပ်စိုးလိုက်ပြီး ဆိုရှယ်လစ်အာဘော်နဲ့ ပြန်ထိန်းချုပ်ချင်သူတွေ ဖြစ်တယ်။ လက်ရှိတရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ Social Democracy တစ်မျိုးပေါ့။ တိုတိုပြောရရင် Social liberalism က လက်ဝဲယိမ်းချင်တဲ့ အရင်းရှင်တွေဖြစ်ပြီး၊ Social Democracy က လက်ယာယိမ်းချင်တဲ့ ဆိုရှယ်လစ်တွေပါ။
Social Liberalism အကြောင်း ဆက်ပြောရရင် ၂၀ရာစု Social liberalism က လက်တွေ့ကျင့်သုံးရာမှာ ဘောဂဗေဒပညာရှင် John Maynard Keynes ရဲ့ အယူအဆတွေကို အသုံးပြုပါတယ်။ Keynes က စီးပွားကပ်ဆိုက်ချိန်မှာ အစိုးရဟာ လွတ်လပ်တဲ့ဈေးကွက်ဝါဒကို ဆက်ယုံကြည်နေပြီး၊ စီးပွားရေးဟာ သူ့ဘာသူ ပြန်တည့်မတ်မယ်လို့ ဒီအတိုင်းစောင့်ကြည့်နေရင် စီးပွားကပ် ပိုဆိုးလာမယ်လို့ ယုံကြည်တယ်။ ဒါကြောင့် စီးပွားပျက်ကပ်ဆိုက်ရင် အစိုးရက ဝင်စွက်ဖက်ရမယ်။ လူတွေက မသုံးစွဲနိုင်တော့ရင်၊ အစိုးရက ပြည်သူပိုင်ပရောဂျက်တွေချပြီး၊ အစိုးရသုံးငွေ ဖန်တီးပေးရမယ်။ အဲဒီ့နည်းနဲ့ လူတွေမှာ အလုပ်ရ၊ အစိုးရလစာရလာမယ်။ ငွေကြေးပြန်လည်ပတ်ပြီး စီးပွားပြန်တက်လာမယ်လို့ Keynes က ပြောတယ်။
အဲဒီ့ ကိန်းန်ဝါဒ (Keynesian) စီးပွားရေးမော်ဒယ်က အစောပိုင်းမှာ အလုပ်ဖြစ်ခဲ့ပေမယ့် ၁၉၇၀ဝန်းကျင်မှာ ငွေကြေးဖောင်းပွမှုတွေ၊ စီးပွားဆုတ်ယုတ်မှုတွေ ဖြစ်လာလို့ လူကြိုက်မများတော့ပါ။ အဲဒီ့အစား Locke တို့ခေတ်က Classical Liberalism က ပြန်ခေတ်ဆန်းလာတယ်။ အမေရိကန်သမ္မတ Ronald Reagan နဲ့ ဗြိတိန်ဝန်ကြီးချုပ် Margaret Thatcher တို့က ၂၀ရာစုစီးပွားရေးထဲမှာ Classical Liberalism ကို ပြန်အသက်သွင်းခဲ့တယ်။ အဲဒီ့ ၂၀ရာစုနှောင်းပိုင်း Classical Liberalism တစ်ခေတ်ဆန်းမှုကို နီယိုလစ်ဘရယ်ဝါဒ (Neo-liberalism) လို့ခေါ်တယ်။ Neo-liberalism ရဲ့ ထောက်တိုင်သုံးခုက - (၁) ပြည်သူ့ဝန်ဆောင်မှုတွေကို ပုဂ္ဂလိကပိုင်ပြောင်းရန် (၂) ပုဂ္ဂလိကစီးပွားရေးမှာ အစိုးရရဲ့ စွက်ဖက်မှု လျှော့ချရန်နဲ့ (၃) ပြည်သူ့ဝန်ဆောင်မှု တွေကို လျှော့ချခြင်းဖြင့် လုပ်ငန်းအခွန်နဲ့ အမြတ်ခွန်တွေကို လျှော့ရန် ဖြစ်တယ်။ လွတ်လပ်တဲ့ဈေးကွက်ကို ယုံကြည်တဲ့ Neo-liberalism ဟာ ၂၀၀၇ခုနှစ် စီးပွားပျက်ကပ်နဲ့ ကြုံရပြီးနောက်ပိုင်း လူတွေက ပြန်သံသယဝင်လာကြတယ်။ အရင်ကလည်း Classical Liberalism ကို ကျင့်သုံးရင်း၊ ကမ္ဘာစစ်တွေဖြစ်၊ Great Depression စီးပွားပျက်ကပ်ဆိုက်ဖူးတာကိုး။ သူနဲ့ ဆင်တဲ့ Neo-liberalism ကြောင့် ဒါမျိုးပြန်မဖြစ်ဘူးလို့ မပြောနိုင်ဘူးကိုး။ အရင်းရှင်တွေက ပိုလွတ်လပ်စွာ စီးပွားရေး လုပ်နိုင်တော့ ချမ်းသာပြီးသူတွေက ပိုချမ်းသာ၊ ပြည်သူ့ဝန်ဆောင်မှုတွေကို ပုဂ္ဂလိကဝန်ဆောင်မှုတွေနဲ့ အစားထိုးလိုက်တော့ အရင်းအနှီးနည်းသူတွေက ဝန်ဆောင်မှုတွေကို သက်သာချောင်ချိစွာ မရတော့ဘူးပေါ့။
Social liberalism ရဲ့ Keynesian စီးပွားရေးဟာ အခြေခံလူတန်းစားတွေအတွက် ကောင်းပေမယ့် စီးပွားဆုတ်-ငွေကြေးဖောင်းပွစေတာမို့ ရေရှည်အလုပ်ဖြစ်တဲ့ ဘောဂဗေဒမော်ဒယ်မဟုတ်။ Neo-liberalism ရဲ့ လွတ်လပ်သောဈေးကွက် စီးပွားရေးက ရေရှည်အလုပ်ဖြစ်မယ့် ဘောဂဗေဒမော်ဒယ် ဖြစ်ပေမယ့် ရံဖန်ရံခါဆိုသလို စီးပွားပျက်ကပ်တွေ ဆိုက်တတ်တယ်။ အခုထိလည်း အဲဒီ့နှစ်ခုလုံးထက် ကောင်းတဲ့ အဖြေမရှိသေးပါ။
ပြင်သစ်တော်လှန်ရေးမတိုင်ခင်တုန်းက လက်ဝဲဝါဒနဲ့ လက်ယာဝါဒက အတော်ရိုးရှင်းခဲ့ပါတယ်။ လက်ယာဝါဒီ တွေက အခွင့်ထူးခံ မှူးမတ်အရင်းရှင်တွေပါ။ လက်ဝဲဝါဒီတွေကတော့ လူလတ်တန်းစား ဘူဇွာတွေ ဖြစ်ကြတယ်။ ဘုရင်ကို ခေါင်းဖြတ်သတ်ပြီး၊ မှူးမတ်လူတန်းစားလွှာ ပြိုကျသွားတဲ့အခါ တိုင်းပြည်အုပ်ချုပ်ရေးမှာ လူလတ်တန်းစား ဘူဇွာ (နယ်ကလယ်သမား၊ လက်သမား မဟုတ်တဲ့ ကုန်ရောင်းကုန်ဝယ် မြို့သား) တွေက ကြီးစိုးလာတယ်။ သူတို့က အရင်းရှင်စီးပွားရေးရဲ့ အရင်းရှင်တွေ ဖြစ်လာတယ်။ ကိုလိုနီခေတ် အရင်းရှင်စီးပွားရေးရယ်၊ စက်မှုတော်လှန်ရေးရယ်၊ Classical Liberalism ရယ် ပေါင်းလိုက်တဲ့အခါ ဘူဇွာတချို့က အရမ်းချမ်းသာတဲ့ သူဌေးတွေဖြစ်လာတယ်။ ဒီနေ့ခေတ်မှာ ဘူဇွာဆိုတဲ့ အသုံးအနှုန်းက သာမန် လူလတ်တန်းစားထက်၊ အဲဒီ့ အရမ်းချမ်းသာတဲ့ ဘူဇွာတွေကို ရည်ညွှန်းတာဖြစ်တယ်။ အဲဒီ့ကနေ အခြေခံ လူတန်းစားတွေရဲ့ ရပိုင်ခွင့်တွေကို ကိုယ်စားပြုတဲ့ ဆိုရှယ်လစ် (Socialism) နဲ့ မားဇ်ဝါဒ (Marxism) လို နိုင်ငံရေး ရပ်တည်ချက်တွေ ထွက်ပေါ်လာတယ်။
အခြေခံလူတန်းစားတွေဘက်က ကြည့်ရင် လူလတ်တန်းစားနဲ့ ဘူဇွာသူဌေးတွေက သူတို့ရဲ့ လက်ယာဘက်မှာကိုး။ ဒီတော့ တချိန်က လက်ဝဲဖြစ်ခဲ့တဲ့ Classical Liberalism ကိုယ်၌က အခြေခံလူတန်းစားတွေအတွက် လက်ယာဝါဒဖြစ်သွားတယ်။ သူတို့ရဲ့ ဆိုရှယ်လစ်ဝါဒ၊ မားဇ်ဝါဒက လက်ဝဲဝါဒ ဖြစ်လာတယ်။ ဒီလိုနဲ့ Liberalism ဟာ ၁၈ရာစုနှောင်းပိုင်း ပြင်သစ်တော်လှန်ရေးမှာ လက်ဝဲဖြစ်ခဲ့ရာကနေ၊ ၂၀ရာစုဦးပိုင်း အောက်တိုဘာ တော်လှန်ရေးမှာ လက်ယာဖြစ်သွားရတယ်။ မားဇ်ဝါဒဟာလည်း စီးပွားရေးလွတ်လပ်ခွင့်ကို ကန့်သတ်ပေမယ့် ကျန်သဘာဝရပိုင်ခွင့် ကဏ္ဍနှစ်ရပ်ကို အသိအမှတ်ပြုခဲ့ပေမယ့်၊ သူ့အယူအဆမှာ ကွန်မြူနစ်တော်လှန်ရေး ဟာ အဆင့်နှစ်ဆင့်ကို ဖြတ်သန်းရတယ်။ အရင်ဆုံး အရင်းရှင်စီးပွားရေးကို ဖြုတ်ချပြီး ကွန်မြူနစ်စီးပွားရေး ထူထောင်မယ့် ကွန်မြူနစ်ပါတီ အစိုးရကို ထူထောင်ရမယ်။ ကွန်မြူနစ်စီးပွားရေး တည်တံ့ပြီးနောက် အစိုးရမဲ့တဲ့ ကွန်မြူနစ်လူ့ဘောင်သစ်တစ်ရပ်ကို ဆက်လက်ဖော်ဆောင်မယ်လို့ ဆိုတယ်။
ဒါကို လက်တွေ့ အကောင်အထည်ဖော်တဲ့ ရုရှားနဲ့ တရုတ်နိုင်ငံတွေဟာ စီးပွားရေးလွတ်လပ်ခွင့်ကို ကန့်သတ်ရင်းနဲ့ ကျန်ရပိုင်ခွင့်တွေကိုပါ ကန့်သတ်ပြီး ဖြစ်သွားတယ်။ ဒီလိုနဲ့ အရင်းရှင်တွေလည်း အရင်းပြုတ်သလို၊ အခြေခံလူတန်းစားတွေကလည်း လွတ်လပ်စွာ ဖော်ထုတ်ခွင့်နဲ့ ပါတီစုံ ဒီမိုကရေစီစနစ်တွေကိုပါ ဆုံးရှုံးသွားတယ်။ သမိုင်းအစဉ်အလာအရ အခြေခံလူတန်းစားတွေအတွက်တော့ လွတ်လပ်တဲ့ဈေးကွက်နည်းတူ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကလည်း သိပ်မဆီလျော်လှပါ။ လွတ်လပ်တဲ့ဈေးကွက် ရှိလည်း အရင်းအနှီးမရှိတဲ့အတွက် သူတို့ဘာမှ လုပ်မရပါ။ လွတ်လပ်စွာ ဖော်ထုတ်ဝေဖန်ခွင့်ကလည်း လွတ်လပ်တဲ့ ဈေးကွက်ကို ကာကွယ်ဖို့သာ ဖြစ်လို့ အတူတူပါပဲ။ ရုရှားနဲ့ တရုတ်မှာ အဓိက ခံရတာကတော့ လူလတ်တန်းစားတွေပါ။ သန်းကြွယ်ဘူဇွာတွေလောက်လည်း မချမ်းသာ၊ ကွန်မြူနစ်စီးပွားရေးအောက်မှာ ဘဝတိုးတက်အောင်လည်း ထပ်မံကြံဆောင်ခွင့်မရှိ၊ စီးပွားရေးလွတ်လပ်ခွင့်သာမက နိုင်ငံရေးနဲ့ တစ်ကိုယ်ရည် (လူမှုရေး) ရပိုင်ခွင့်တွေကိုပါ ပိတ်ပင်ခံလိုက်ရပါတယ်။
အခုတော့ ရုရှားနဲ့ တရုတ်နိုင်ငံ နှစ်ခုလုံးဟာ အရင်းရှင်စီးပွားရေးကို သူတို့ကိုယ်တိုင် သုံးလာပါပြီ။ ဒါပေမယ့် သူတို့ရဲ့ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်ရေးကနေ မရုန်းထွက်နိုင်တော့ပါ။ တကယ်လို့ သူတို့ဟာ အရင်းရှင်စီးပွားရေးအတိုင်း ဆက်နေခဲ့ရင်တောင် Neoliberalism နဲ့ Social Liberalism ကြားမှာ ကူးလူးရင်း ဗျာများခွင့် ရှိနိုင်ပါတယ်။ မားဇ်ဝါဒကို လက်တွေ့မှာ ကောင်းစွာ မကျင့်သုံးနိုင်ခဲ့တာကြောင့် အရင်းရှင်အာဏာရှင်နိုင်ငံအဖြစ် ပိတ်မိသွားရတယ်။ ယနေ့ခေတ်ရဲ့ သတင်းအချက်အလက် နည်းပညာနဲ့ စစ်ရေးနည်းပညာ တိုးတက်လာမှုကြောင့် တိုင်းနိုင်ငံတွေဟာ အာဏာရှင်စနစ် တစ်ကြိမ်ဖြစ်တည်ပြီးရင် ပြန်ဖြုတ်ချဖို့ အရမ်းခက်သွားပါတယ်။ ပြင်သစ်တော်လှန်ရေးမှာတုန်းက တိုက်ပွဲဝင် မက်စကက်သေနတ်နဲ့ တူမီးသေနတ်ဟာ ကျည်ထိုးချိန်သိပ်မကွာပါ။ ဒီနေ့ခေတ်မှာ စီစီတီဗီနဲ့ လူတွေရဲ့ နိစ္စဒူဝအလုပ်တွေကို စောင့်ကြည့်အမှတ်ပေးနိုင်ပြီ။ ဆူပူအုံကြွရင်လည်း အကြမ်းဖက်ပစ်ခတ်နှိမ်နင်းနိုင်ပြီ။ အုပ်စိုးသူနဲ့ တော်လှန်သူမှာ အင်အားရော၊ စနစ်ကျမှုရော အရမ်းကွာပါတယ်။ ဒါကြောင့် အရင်းရှင်အာဏာရှင်ဖြစ်စေ၊ ဘောဗေဒဆိုင်ရာ‘လက်ဝဲ’ အာဏာရှင်ဖြစ်စေ လူထုက ပြန်ဖြုတ်ချဖို့ ခက်သွားပါတယ်။
ကျွန်တော့်ကိုယ်ပိုင်အမြင်အရတော့ ကျွန်တော်တို့ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းဟာ ၁၉၆၂နောက်ပိုင်းက စပြီး အဲဒီ့ လက်ဝဲ၊ လက်ယာ တိုက်ပွဲကနေ စွန့်ခွာခဲ့တယ်။ ဦးနေဝင်းအစိုးရဟာ လက်ဝဲဆန်တဲ့ ဆိုရှယ်လစ်လမ်းစဉ်ကို ဗန်းပြရင်းနဲ့ စစ်အာဏာရှင်စနစ်ကို ထူထောင်ခဲ့တယ်။ တိုင်းပြည်ရဲ့ ကယ်တင်ရှင်အဖြစ် ခံယူတဲ့ စစ်တပ်ရဲ့ အထောက်အပံ့ရထားတဲ့ စစ်အာဏာရှင်စနစ် (၁၉၆၂ - ၂၀၂၁) ဟာ ဗြိတိသျှကိုလိုနီခေတ် (၁၈၈၅-၁၉၄၈) နီးပါး သက်တမ်း ရှိလာပါပြီ။ စစ်အာဏာရှင်တွေဟာ အရင်းရှင်လက်ယာဝါဒီတွေ မဟုတ်ကြပါ။ လက်ဝဲယောင်ယောင် လမ်းစဉ်ကနေ ပဒေသရာဇ်စနစ်နဲ့ ခရိုနီစီးပွားရေးကို ပေါင်းစပ်ထားတဲ့ ဒေသန္တရနိုင်ငံရေး ရပ်တည်ချက်မျိုး ဖြစ်လာပါတယ်။
ဒါကို ပြန်အတိုက်အခံ လုပ်နေတဲ့ NLD အစိုးရနဲ့ ကိုယ်စားလှယ်တချို့ရယ်၊ သူ့ကို ထောက်ခံသူတချို့ရယ်ဟာလည်း စစ်အာဏာရှင်ရဲ့ ပဒေသရာဇ် မှိုင်းကနေ မရုန်းထွက်နိုင်ပါ။ ပဒေသရာဇ်ဝါဒဆိုတာ လူမျိုးတစ်ခုကို ကိုယ်စားပြုတဲ့ အာဏာရှင်က စစ်တပ်ကို ကောင်းစွာ ထိန်းသိမ်းထားပြီး၊ သူ့ရဲ့ ဘုန်းတန်ခိုးနဲ့ အဲဒီ့ စစ်တပ်အင်အားကို သုံးပြီး တိုင်းပြည်ရဲ့ အချုပ်အချာ (သူ့လူမျိုးရဲ့ အချုပ်အချာ) နဲ့ လူမျိုးစုယဉ်ကျေးမှုကို ကာကွယ်ခြင်းကို ရည်ညွှန်းပါတယ်။ တိုတိုပြောရရင် (ဗမာ)အမျိုး၊ (ဗမာစာ) ဘာသာ၊ (ထေရဝါဒ) သာသနာ စောင့်ရှောက်ခြင်းကို ရည်ညွှန်းတယ်။ သူတို့ဟာ သူတို့ကိုယ်သူတို့ ပဒေသရာဇ်ဝါဒီတွေလို့ မခံယူပေမယ့် စစ်အာဏာရှင်တွေနည်းတူ၊ လူမျိုးစုကောင်းစားရေးဘက်ကို ယိမ်းတဲ့ အမျိုးသားရေးဝါဒီ (Nationalist) တွေ ဖြစ်ကြတယ်။ နှစ်ဘက်လုံးကတော့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပြိုကျပြီးတည်းက လက်ဝဲစီးပွားရေးကို အယုံအကြည်မရှိကြတော့ပါ။ နှစ်ဘက်လုံးက အရင်းရှင်စီးပွားရေးကို နှစ်သက်သူတွေ ဖြစ်ကြတယ်။ သူတို့မှာသာ လက်ဝဲ၊လက်ယာ ခံယူချက်နဲ့ နိုင်ငံကောင်းစားလိုစိတ် ခိုင်မာရင် NLD ဟာ Neoliberal တွေ ဖြစ်လာမှာပါ။ စစ်အာဏာရှင်ကတော့ တရုတ်နိုင်ငံလို အရင်းရှင်အာဏာရှင်စနစ် ဖြစ်လာလိမ့်မယ်။
ဒီဆောင်းပါးကို မှတ်ချက်တစ်ခုနဲ့ အဆုံးသတ်ချင်တယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ယှဉ်ရင် အာရှရဲ့ နိုင်ငံရေးရပ်တည်ချက်တွေက ထူးခြားပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ရှေးရိုးစွဲအမြင်ရှိတဲ့ Conservative (Classical Liberal) တွေက စီးပွားရေးလွတ်လပ်ခွင့်ကို အားပေးတယ်။ တစ်ကိုယ်ရည်/လူမှုရေးရပိုင်ခွင့်တွေ (ဘာသာရေးလွတ်လပ်မှု၊ လိင်သာတူညီမျှရေး၊ လူမှုဖူလုံရေး) တွေကိုတော့ အားမပေးပါ။ ကဏ္ဍအသီးသီးမှာ လက်ယာဆန်တယ်ပေါ့။ Liberal (Social Liberal) တွေက စီးပွားရေး လွတ်လပ်ခွင့်ကို ကန့်သတ်ချင်တယ်။ ရှေးရိုးစွဲတွေကနေ ကန့်သတ်လိုတဲ့ လူမှုရေးရပိုင်ခွင့်တွေကို liberal တွေ တောင်းဆိုပါတယ်။ ဆိုလိုတာက ကဏ္ဍအသီးသီးမှာ လက်ဝဲဆန်တယ်ပေါ့။
တရုတ်နိုင်ငံမှာတော့ ရှေးရိုးစွဲ Conservative တွေက ဆိုရှယ်လစ် လက်ဝဲ စီးပွားရေးကို ပိုလိုလားတယ်။ ဆိုလိုတာက လူမှုရေးရပိုင်ခွင့်တွေမှာ လက်ယာဆန်သလောက်၊ စီးပွားရေးမှာ လက်ဝဲဆန်သူတွေပါ။ Liberal တွေက လွတ်လပ်တဲ့ အရင်းရှင်ဈေးကွက် စီးပွားရေးကို ပိုလိုလားပါတယ်။ လူမှုရေးရပိုင်ခွင့်တွေမှာ လက်ဝဲဆန်သလောက်၊ စီးပွားရေးမှာ လက်ယာဆန်သူတွေပါ။ ဒီလိုဖြစ်ရခြင်းကို ရှေ့မှာ ပြောခဲ့ပြီးပါပြီ။ ဘာလို့လဲဆိုတော့ သူတို့က Neoliberal တွေမို့ပါ။ Neoliberal တွေဟာ လူမှုရေးမှာ မှူးမတ်လူတန်းစားကနေ ကြည့်ရင် လက်ဝဲဆန်သလောက်၊ စီးပွားရေးမှာ အခြေခံလူတန်းစားကနေကြည့်ရင် လက်ယာဆန်လို ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရက်တစ်လှုပ်ရှားသူတွေဟာ နိုင်ငံရေးရေချိန်မြင့်လာရင် Neoliberal လောင်းတွေ ဖြစ်လာမှာကလည်း ဒါကြောင့်ပဲလို့ ဆိုချင်ပါတယ်။
မြန်မာနိုင်ငံရဲ့ ၂၀၂၁ စစ်အစိုးရအာဏာသိမ်းမှုနောက်ပိုင်းမှာ NLD ရဲ့ အမျိုးသားရေးဆန်တဲ့ (ပဒေသရာဇ်မှိုင်းမိတဲ့) ရပ်တည်ချက်တွေကို ‘liberal တွေ’လို့ ခပ်ဝါးဝါး ရည်ညွှန်းကြတာကိုလည်း တွေ့ရတယ်။ အထက်မှာ တွေ့ခဲ့တဲ့အတိုင်း liberalism ရဲ့ သမိုင်းက အရှည်ကြီးပါ။ ရှုထောင့်တွေအမျိုးမျိုး၊ နိုင်ငံရေးအခင်းအကျင်းနဲ့ သမိုင်းနောက်ခံတွေအပေါ် မူတည်ပြီး၊ လူတွေရဲ့ ခံယူချက်တွေက ကလိုက်ဒိုစကုပ် ရောင်စုံမှန်ပြောင်းနဲ့ ကြည့်ရသလို အမျိုးစုံ ဖြစ်နေတာပါ။ ‘liberal’ တန်ဖိုးတွေကို ဘူဇွာတွေက သူတို့ အကျိုးစီးပွားကို ကာကွယ်ဖို့ စတင်ဖော်ထုတ်ခဲ့တယ်။ ဘူဇွာနဲ့ အခြေခံလူတန်းစားတွေက အာဏာရှင် မှူးမတ်တွေကို ဖြုတ်ချခဲ့ပြီး ရီပက်ဘလစ် (republic; rex - အုပ်စိုးသူ/ဘုရင်၊ public - ပြည်သူလူထု၊ ပြည်သူလုထု၏အစိုးရ) နိုင်ငံရေးကို စတင်ခဲ့တယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ ဒီမိုကရက်တစ် တန်ဖိုးတွေ၊ လူမှုရေးလွတ်လပ်ခွင့်တွေ (လွတ်လပ်စွာ ထုတ်ဖော်/ ကိုးကွယ်/ စုရုံးခွင့်၊ ပြီးတော့ “သာတူညီမျှမှု” တစ်နည်းအားဖြင့် နိုင်ငံသားဖြစ်တည်မှုကိုပဲ အခြေခံတဲ့ တရားဥပဒေ) ဟာ liberalism ကနေ ဆင်းသက်ပါတယ်။ တိတိကျကျပြောရရင် classical liberalism/ neoliberalism ကနေ ဆင်းသက်ပါတယ်။
စစ်အာဏာရှင်ကို တော်လှန်နေချိန်ဟာ အောက်တိုဘာတော်လှန်ရေးထက်စာရင် ပြင်သစ်တော်လှန်ရေးနဲ့ ပိုတူပါတယ်။ ကျွန်တော်တို့ဟာ ပဒေသရာဇ် မှူးမတ်အာဏာရှင်စနစ်ကို တော်လှန်ရင်း ဘူဇွာတွေရဲ့ အခွင့်အရေးကိုတောင် မနည်းတိုက်ယူကြရဦးမှာပါ။ ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ အမွေဆိုးကြောင့် ဒီအချိန်ဟာ စီးပွားရေးအရ လက်ဝဲဆန်တဲ့ အယူအဆတွေကို စောင်းပေးရမယ့် အချိန်လည်း မဟုတ်ပါ။ ဒီတော့ လက်ဝဲ (ဆိုရှယ်လစ်/ ကွန်မြူနစ်) စီးပွားရေးကို ထောက်ခံချင်ရင်တောင် အတိုက်အခံကို အပြစ်တင်တဲ့အခါ အရင်းရှင်စနစ်လို့ တည့်တည့်ပြောသင့်ပါတယ်။ မဟုတ်ရင်တော့ ဒီအချိန်မှာ “liberalism က မကောင်းဘူး”လို့ ပြောရင် ဗဟိုချုပ်ကိုင်မှုနဲ့ အာဏာရှင်ကို ဆန့်ကျင်တဲ့ liberalism ရဲ့ ယေဘုယျတန်ဖိုးတွေကို ပစ်ပယ်ရာ မကျပေဘူးလား။ သဘာဝရပိုင်ခွင့် အမျိုးစုံ ထိပါးခံနေရတဲ့ မြန်မာလူထုရဲ့ လက်ရှိအမြင်မှာ လက်ဝဲစီးပွားရေးကို ဖော်ဆောင်မယ့် ဆိုရှယ်လစ်/ကွန်မြူနစ် အစိုးရရဲ့ အာဏာရှင်စနစ်နဲ့ စစ်အာဏာရှင်စနစ်ကို အတူတူပဲလို့ပဲ မြင်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင်ဟာလည်း အသက်မွေးဝမ်းကျောင်း ပညာတတ်မျှသာ ဖြစ်တဲ့ ဆရာဝန်ပါ။ အရင်းရှင် စီးပွားရေးကြောင့် ကိုယ့်အကျိုးစီးပွား အများကြီး မရှိပါ။ တစ်ကိုယ်ရည် အကျိုးစီးပွားအရဆိုရင် လူမှုရေးလွတ်လပ်ခွင့် (လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ သာတူညီမျှရေး) နဲ့ နိုင်ငံရေးလွတ်လပ်ခွင့် (မဲပေးခွင့်) တွေကိုပဲ ကျွန်တော် စိတ်ဝင်စားတယ်။ ဒါပေမယ့် အာဏာရှင်စနစ်ဘက်ကို ရောက်သွားတတ်တဲ့ လက်ဝဲစီးပွားရေး ကိုတော့ စိတ်ကုန်ပါတယ်။
သမိုင်းကို မကြည့်နဲ့လို့ ပြောပေမယ့်၊ နိုင်ငံရေးအယူအဆတွေဟာ လူတွေ၊ သမိုင်းတွေ မပါရင် အဓိပ္ပါယ် မပြည့်ဝနိုင်ပါ။ သမိုင်းကို ပြန်ကြည့်ရင် အခြေခံလူတန်းစားတွေက ဘူဇွာတွေရဲ့ စီးပွားရေးအုပ်စီးမှုကို တော်လှန်ပြီး လက်ဝဲစီးပွားရေး ဖော်ဆောင်ခဲ့ပေမယ့် အများစုဟာ အရင်းရှင်အာဏာရှင် သို့မဟုတ် သူခိုး (kleptocracy) အာဏာရှင်စနစ်ထဲကို လျှောကျသွားတဲ့ နိုင်ငံကြီးတွေကို ကျွန်တော်ကြည့်ပြီး လက်ဝဲစွန်း (far-left) စီးပွားရေးတော်လှန်ရေး တွေအပေါ် ကျွန်တော် သံသယ လွန်စွာကြီးပါတယ်။ ဆိုဗီယက်ယူနီယံ ပြိုကွဲခဲ့ခြင်းဟာ အဲဒီ့ သမိုင်းစမ်းသပ်ချက်ရဲ့ ရလဒ်ပါပဲ။ တကမ္ဘာလုံးက အရင်းရှင် Neoliberal စီးပွားရေးထဲမှာ ပိတ်မိဆဲဖြစ်ပေမယ့် မြန်မာနိုင်ငံအနေနဲ့ကတော့ စစ်တပ်ရဲ့ ပဒေသရာဇ်ဆန်တဲ့ အာဏာရှင်ဝါဒနဲ့ NLD ရဲ့ မှိုင်းမိအမျိုးသားရေးဝါဒကနေ ရုန်းထွက်ဖို့ မနည်းကြိုးစားရဦးမှာပါ။ liberal တန်ဖိုးတွေကော၊ လက်ဝဲစီးပွားရေး ရည်မှန်းချက်မျိုးကော စင်စစ် ချို့တဲ့နေတဲ့သူတွေဖြစ်တာမို့ ကျွန်တော့် တစ်ကိုယ်ရည် အမြင်အရ ဒီနိုင်ငံရေး အခင်းအကျင်းကို လက်ဝဲ၊ လက်ယာ အားပြိုင်မှုအဖြစ် ပုံဖော်တာဟာ မမှန်ကန်သေးဘူးလို့ မြင်ပါတယ်။

Comments
Post a Comment