အာဏာသိမ်းရင် ဘာဖြစ်မလဲ
“တပ်မတော်က အာဏာမသိမ်းဘူးလို့ မှတ်ယူလို့မရဘူး” ဆိုပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ၂၆ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ အဲနောက်ပိုင်း ပြည်သူတွေကြားမှာ တပ်မတော်ကအာဏာသိမ်းမှာလားဆိုတဲ့ အကြောင်းအရာက တော်တော်ဂယက်ထလာပါတယ်။ ဒီစာမှာတော့ တပ်မတော်က အာဏာသိမ်းရင် ဘာဖြစ်မလဲ၊ အာဏာသိမ်းလိုက်ရင် ဘယ်သူတွေ အကျိုးရှိပြီး ဘယ်သူတွေဒုက္ခရောက်မလဲ ဆိုတာကို တင်ပြသွားမှာပါ။
အာဏာသိမ်းရင် ဘယ်လို တုံ့ပြန်လာကြမလဲ?
တပ်မတော်က အာဏာသိမ်းလိုက်ပြီဆိုရင် ဖြစ်လာနိုင်ချရှိတဲ့ တုံပြန်မှုသုံးခုရှိပါတယ်။ ပထမတစ်ခုကတော့ ပြည်သူလူထုအများစုရဲ့ တုန့်ပြန်မှုပါ။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံက ရခဲ့တဲ့ သင်ခန်းစာအရ ပြည်သူလူထုဟာ ယနေ့အချိန်ခါမှာ နိုင်ငံရေးအသိသာမက နိုင်ငံရေးသတိကြီးလာကြပြီဖြစ်ပါတယ်။ ဒီနိုင်ငံရေးသတိကြောင့်ပဲ ယနေ့အချိန်ကာလ တွေ့ ကြုံနေရတဲ့ အခြေနေအပေါ်မှာ သတိကြီးကြီးထားကြဖို့အချင်းချင်း နှိုးဆော်နေတာတွေကိုလည်း မြင်တွေ့နေရတာ ဖြစ်ပါတယ်။ ရှေးယခင် စစ်အာဏာသိမ်းပွဲတွေရဲ့ အလစ်အငိုက်ဖမ်း အာဏာသိမ်းအစဥ်အလာကို သတိကြီးစွာထားလာကြတာပါ။ ယခုအချိန်ခါမှာ စစ်အာဏာသိမ်းမှုဖြစ်ခဲ့မယ်ဆိုရင်တော့ ပထမဆုံး ကြုံတွေ့လာရမှာက ပြည်သူလူထုအများရဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုကြီးတွေပဲဖြစ်ပါတယ်။ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ခံခဲ့ရတဲ့ ပြည်သူတွေဟာ ၂၀၂၀ နိုဝင်ဘာလရွေးကောက်ပွဲကျင်းပအပြီး မကြာခင်မှာ ခေါ်ယူတော့မယ့်လွှတ်တော်အစည်းအဝေးတွေအတွက် စိတ်အားတက်ကြွနေချိန်၊ ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်းများအမြန်ဆုံးစတင်နိုင်တဲ့အတွက် လက်ရှိအစိုးရအပေါ်ထောက်ခံမှုရေချိန်အမြင့်ဆုံးဖြစ်နေချိန်မှာ ၁၉၉၀လို အဖြစ်မျိုး အဖြစ်ခံတော့မှာမဟုတ်ပါဘူး။ ထပ်မံထည့်သွင်းစဥ်းစားရမှာကတော့ ကိုဗစ်ကာလပြည်သူလူထုအများစုရဲ့ ကျပ်တည်းမှုအဝဝပါပဲ။ တစ်နှစ်ခန့်နီးပါးကြာပြီဖြစ်တဲ့ ဒီကပ်ရောဂါကို ရင်ဆိုင်နေရတဲ့ ပြည်သူလူထုရဲ့ စိတ်ခံစားမှုအဝဝဟာ စစ်အာဏာသိမ်းမှုကြောင့်
ပေါက်ကွဲအားပြင်းထန်သွားနိုင်ပါတယ်။ ပြည်သူလူထုရဲ့တုံ့ပြန်မှုဆိုတဲ့နေရာမှာ အနုနည်းနဲ့ တုံ့ပြန်ချက်တွေလည်းပါဝင်ပါလိမ့်မယ်။ တပ်မတော်ပိုင် ကဏ္ဍစုံစီးပွားရေးလုပ်ငန်းများကို ပြည်သူအများက သပိတ်မှောက်ဆန့်ကျင်တာတွေကိုလည်း ကြုံတွေ့လာရဖို့ရှိပါတယ်။သေချာတာကတော့ပြည်သူလူထုရဲ့တိုက်ပွဲခေါ်သံ ဟာ စစ်အာဏာသိမ်းမှုဖြစ်ခဲ့ရင် ပထမဆုံးကြုံတွေ့ရမယ့်အကြီးဆုံးတုံ့ပြန်မှုပဲဖြစ်ပါတယ်။
တပ်မတော်အနေနဲ့ စစ်အာဏာသိမ်းမှုကျူးလွန်ခဲ့ရင် ဒုတိယမြောက် ကြုံရမယ့်တုံ့ပြန်မှုတစ်ရပ်ကတော့ တိုင်းရင်းသားလက်နက်ကိုင်များရဲ့ တုံ့ပြန်မှုအခြေအနေပဲဖြစ်ပါတယ်။ ပြည်သူအများစုအနေနဲ့ စိုးရိမ်ပူပန်မှုတွေမြင့်တက်နေချိန်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့က တပ်မတော်စစ်အာဏာသိမ်းမှုဖြစ်တန်ချေအနေထားများနဲ့ပက်သက်ပြီး ဆန့်ကျင်ကြောင်း သဘောထားအမြင်များလည်းထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် တကယ်လို့သာ စစ်အာဏာသိမ်းမှုပြုမယ်ဆိုရင် ဒီတိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ စုပေါင်း ထိုးနှက်မှုကိုလည်း ကြုံရနိုင်ပါတယ်။ ဒါ့အပြင် ၁၉၈၈စစ်အာဏာသိမ်းမှု အခြေအနေနဲ့ မတူညီတာက ယနေ့အချိန်အခါမှာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများရဲ့ လူအင်အား လက်နက်အင်အားတောင့်တင်းလာခြင်းဟာ တပ်မတော်အနေနဲ့ စစ်အာဏာသိမ်းမှုကျူးလွန်မယ်ဆိုရင် စိုးရိမ်ရမယ့် အကြောင်းရင်းထဲက တစ်ချက်ဖြစ်ပါတယ်။ ယနေ့အချိန်အခါမှာ တိုင်းရင်းသားပြည်နယ်တိုင်းလိုလိုမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးရှိနေကြပြီမို့ စစ်အာဏာသိမ်းမှုဖြစ်လာတဲ့အခါတိုင်းရင်းသားလက်နက်ကိုင်တွေစုပေါင်းပြီး တပ်မတော်အာဏာသိမ်းမှုကိုတွန်းလှန်ကြရင်ဆိုတဲ့အခြေနေဟာ တပ်မတော်အတွက် စိုးရိမ်စရာအလွန်ကောင်းသလို ပြည်မနဲ့တောင်တန်းဒေသအသီးသီးက အာဏာသိမ်းမှုကိုတွန်းလှန်မယ့် ပြည်သူအင်အားစုနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ စုစည်းမှု ရရှိခဲ့ရင် တပ်မတော်အတွက် အလွန်ကြီးမားတဲ့အခက်ခဲဖြစ်လာမှာမို့ ဒီအချက်ဟာလည်း တပ်မတော်အနေနဲ့ သေချာပေါက်သုံးသပ်မယ့် အနေအထားလို့ယူဆပါတယ်။
၁၉၈၈ စစ်အာဏာသိမ်းစဥ်အခါက မြန်မာ့တပ်မတော် အနေနဲ့ နိုင်ငံတော်ရဲ့ယိုယွင်းပျက်စီးလာတဲ့အခြေနေအရပ်ရပ်ကို ထိန်းသိမ်းရန် ဆိုတဲ့ စကားရပ်နဲ့ လွယ်လွယ်ကူကူဖိအားကင်းကင်းနဲ့ အာဏာယူနိုင်ခဲ့ပါတယ်။ ဒီနေ့ဒီချိန်ခါမှာတော့ တပ်မတော်ဟာ နိုင်ငံတကာရဲ့ မျက်စိဒေါက်ထောက် စောင့်ကြည့်ခြင်းခံရတဲ့အနေအထားတစ်ရပ်ကို ရောက်ရှိနေတာလည်းဖြစ်ပါတယ်။ ၂၀၁၇ ရိုဟင်ဂျာအရေးကြောင့် နိုင်ငံဟာ International Court of Justiceမှာ တရားရင်ဆိုင်နေရချိန်မှာ တပ်မတော်အနေနဲ့ စစ်အာဏာသိမ်းမှုကျူးလွန်ခဲ့ရင်တော့ နိုင်ငံတကာရဲ့ ပြင်းထန်တဲ့အရေးယူပိတ်ဆို့ဒဏ်ခတ်မှုတွေကို ကြုံတွေ့နိုင်တာလည်းဖြစ်ပါတယ်။ ဒါဟာ တပ်မတော်အနေနဲ့စစ်အာဏာသိမ်းမှုကျူးလွန်ခဲ့ရင် စစ်အစိုးရတစ်ရပ်အနေနဲ့ မလွဲမသွေကြုံတွေ့ရမယ့် အကျပ်အတည်းတစ်ရပ် တစ်နည်းအားဖြင့် တပ်မတော် အာဏာသိမ်းခဲ့ရင် ရင်ဆိုင်ရမယ့် တုံ့ပြန်မှုတစ်ခုလည်းဖြစ်ပါတယ်။ အထက်က တုံ့ပြန်မှုတွေဟာ စစ်အာဏာသိမ်းမှုကျူးလွန်ခဲ့ရင် တွေ့ကြုံရနိုင်တဲ့တုံ့ပြန်မှုတွေပဲဖြစ်ပြီး တပ်မတော်အနေနဲ့ ဒီတုံ့ပြန်မှုတွေဟာ ဘယ်အတိုင်းအတာထိ သက်ရောက်မှုကြီးနိုင်ကြောင်းကိုတော့ သိရှိထားပြီးဖြစ်ပါလိမ့်မယ်။
အာဏာသိမ်းရင် ဘာဖြစ်မလဲ?
အထက်မှာပြောခဲ့သလို အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ တုံ့ပြန်မှုတွေကြုံလာမယ်ဆိုရင် မြန်မာနိုင်ငံဟာ လမ်းဆုံလမ်းခွကိုရောက်သွားပါလိမ့်မယ်။ လက်ရှိအခြေအနေထက် ပိုဆိုးတဲ့ဘက်ကိုဦးတည်မလား၊ ပိုကောင်းတဲ့ဘက်ကို ဦးတည်မလားဆိုတဲ့ လမ်းဆုံပါ။ ဒါပေမယ့် အဲအချိန်ကျရင် အခုရှိနေတဲ့ လက်ရှိအခြေအနေကတော့ သေချာပေါက် ပျက်သွားပါလိမ့်မယ်။ အဲတော့ လက်ရှိအခြေအနေက ဘယ်သူ့အတွက်ကောင်းနေပြီး၊ ဘယ်သူ့အတွက်ဆိုးနေတာလဲ၊ လက်ရှိအခြေအနေပျက်သွားရင် ဘယ်သူတွေ ဒုက္ခရောက်မလဲဆိုတာ စဥ◌်းစားဖို့လိုလာပါတယ်။ အဲဒါကြောင့် လက်ရှိအခြေအနေအကြောင်းကို ကြည့်ကြရအောင်ပါ။
လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံရဲ့ ပင်မနိုင်ငံရေးဖြစ်စဥ◌်အားလုံးနီးပါးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ထိန်းချုပ်ထားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံက ပေးထားတဲ့ သတ်မှတ်အတိုင်းအတာအတွင်းမှာပဲ တရားဝင် နိုင်ငံရေးလုပ်နေကြရတာပါ။ ၂၀၀၈ အခြေခံဥပဒေဟာ လွှတ်တော်တွေထဲမှာ တပ်မတော်သားတွေအတွက် ၂၅% နေရာပေးထားတယ်။ ဖွဲ့စည်းပုံပြင်ဖို့အရေးမှာ တပ်မတော်ကို ဗီတိုအာဏာပေးထားတယ်။ ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်က ဒုတိယသမ္မတတစ်ယောက် တင်မြှောက်ခွင့်ရှိပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနတို့လို အရေးကြီးတဲ့ ဝန်ကြီးဌာနတွေရဲ့ ဝန်ကြီးတွေကို ကာကွယ်ရေးဦးစီးချု့ပ်ကပဲ အမည်စာရင်းတင်သွင်းခွင့်ရှိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကြောင့် တပ်မတော်က နိုင်ငံရေးမှာ ဥပဒေနဲ့အညီ ပါဝင်နေနိုင်တယ်။ ဒါတွေက အများစုသိထားပြီးသား အကြောင်းအရာတွေပါ။ ဒီအကြောင်းအရာတွေကြောင့်ပဲ ၂၀၀၈ အခြေခံဥပဒေကပေးထားတဲ့ လက်ရှိအခြေအနေဟာ ဒီမိုကရေစီစစ်စစ်မဟုတ်ဘူး၊ ရွှေရည်စိမ်ဒီမိုကရေစီမျှသာ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ပိုဆိုးတာက ဒီရွှေရည်စိမ်ဒီမိုကရေစီဟာ အရင်အာဏာရှင်စနစ်တွေထက်တော့ ကောင်းသေးတယ်လို့ ယူဆကြရာကနေ အဓိကပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီစစ်စစ်ဆီကို အရောက်သွားဖို့လိုတယ်ဆိုတဲ့ အချက်က ဝေဝါးသွားတာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသက်တမ်းအတွင်းမှာ ရခိုင်နဲ့ချင်းမှာ အင်တာနက်ဖွင့်ပေးဖို့အရေး ဆန္ဒပြသူတွေကို ဖမ်းဆီးမှုတွေကို ကြည့်ရင်ပဲသိသာပါတယ်။ အရင်ခေတ်တွေနဲ့စာရင်တော့ ဒါတွေက ဘာမှမပြောပလောက်ဘူးဆိုတဲ့စကားက ရှေ့တန်းရောက်လာပါတယ်။ တစ်ပြိုင်တည်းမှာ ဒီမိုကရေစီစစ်စစ်မှာရှိရမယ့် လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ပေးသင့်တယ်ဆိုတာက နောက်ရောက်သွားပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် လက်ရှိအခြေအနေဟာ ရွှေရည်စိမ်ဒီမိုကရေစီစနစ်မှာ မျောပါနေတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။
ဒါအပြင် လက်ရှိငြိမ်းချမ်းရေးဖြစ်စဥ◌်မှာလည်း တပ်မတော်ရဲ့ အခန်းက အင်မတန်ကြီးနေပါတယ်။ ၂၀၀၈ အခြေခံဥပဒေအရ တပ်မတော်နဲ့ပတ်သက်တဲ့ကိစ္စအားလုံးကို ကာကွယ်ရေးဦးစီးချုပ်ကပဲ စီမံခွင့်ရှိပြီးတော့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဆုံးဖြတ်ချက်က အပြီးအပြတ်ဖြစ်ပါတယ်။ ဆိုလိုတာက ကာကွယ်ရေးဦးစီးချုပ်ရဲ့ တပ်နဲ့ဆိုင်တဲ့ဆုံးဖြတ်ချက်တွေကို သမ္မတက ဝင်စွက်ဖက်လို့မရပါဘူး။ ဆိုတော့ တိုက်ပွဲတွေရပ်ဖို့၊ မရပ်ဖို့ဆိုတဲ့ တပ်ပိုင်းဆိုင်ရာကိစ္စတွေဟာ ရွေးကောက်ခံအစိုးရရဲ့ သဘောနဲ့ လုံးဝလွှမ်းမိုးအမိန့်ပေးလို့မရဘဲ ကာကွယ်ရေးဦးစီးချုပ်အပေါ်ပဲမူတည်ပါတယ်။ တိုက်ပွဲတွေမရပ်ဘူးဆိုရင် ငြိမ်းချမ်းရေးဟာ ဘယ်လိုမှရနိုင်မှာ မဟုတ်ပါဘူး။ အဲတာကြောင့် ဆက်စပ်စဥ◌်းစားမယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေက ပေးထားတဲ့ လက်ရှိအခြေအနေမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောဆန္ဒမပါရင် ငြိမ်းချမ်းရေးဘယ်လိုမှမရနိုင်ပါဘူး။ ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံအရ တပ်မတော်က အရပ်သားအစိုးရရဲ့ အမိန့်အောက်မှာ မရှိခြင်းရဲ့ ဆိုးကျိုးပါပဲ။
ပြန်ချုပ်ရမယ်ဆိုရင် လက်ရှိအခြေအနေဟာ ၂၀၀၈ အခြေခံဥပဒေက နိုင်ငံရေးဖြစ်စဥ◌်အများစုကို ထိန်းချုပ်ထားပါတယ်။ အဲတာကြောင့်ပဲ ရွှေရည်စိမ်ဒီမိုကရေစီမှာပဲ မျောပါနေရပြီး၊ တပ်မတော်ရဲ့သဘောမပါရင် ငြိမ်းချမ်းရေးလည်းမရနိုင်ပါဘူး။ ဒီလိုမျိုး မြန်မာနိုင်ငံအတွက် အရေးကြီးဆုံးအရာတွေဖြစ်တဲ့ ဒီမိုကရေစီရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတို့ကို ၂၀၀၈ ဖွဲ့စည်းပုံက ထိန်းချုပ်တားဆီးထားတယ်ဆိုတာက လက်ရှိအခြေအနေပဲ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ နိုင်ငံနဲ့ ပြည်သူတွေအတွက် ဆိုးတဲ့အခြေအနေပဲ ဖြစ်ပါတယ်။ တစ်ဘက်မှာတော့ တပ်မတော်အနေနဲ့ ဒီအခြေအနေကြောင့် နိုင်ငံရေးထဲကို ထဲထဲဝင်ဝင်ပါဝင်နိုင်သလို ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း အဓိကအရေးကြီးသူဖြစ်နေပါတယ်။ အဲတာကြောင့် လက်ရှိအခြေအနေဟာ တပ်မတော်အတွက် သူတို့မျှော်မှန်းသလောက်မကောင်းဘူးဆိုရင်တောင် သူတို့အတွက် ဆိုးဝါးတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။
ဆိုတော့ တကယ်လို့သာ အာဏာသိမ်းဖြစ်လို့ အဲအာဏာသိမ်းတာကို ဆန့်ကျင်တုံ့ပြန်ကြရာကနေ မြန်မာနိုင်ငံဟာ လမ်းဆုံလမ်းခွကိုရောက်သွားမယ်ဆိုရင် ဒီလက်ရှိအခြေအနေဟာ ပျက်စီးသွားပါလိမ့်မယ်။ လက်ရှိအခြေအနေပျက်စီးမယ်ဆိုရင် အဓိက ဆုံးရှုံးရမှာက အာဏာသိမ်းမယ့် တပ်မတော်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။
ဒီလမ်းဆုံလမ်းခွကနေ အခုထက်ပိုဆိုးတဲ့ အခြေအနေလည်းဖြစ်လာနိုင်သလို၊ အခုထက် ပိုကောင်းတဲ့ အခြေအနေလည်း ပေါ်လာနိုင်ပါတယ်။ အခုထက်ပိုဆိုးတဲ့ အခြေအနေဆိုတာကတော့ တပ်မတော်က အရင်တုန်းကလို စစ်အစိုးရအနေနဲ့ ပေါ်ပေါ်တင်တင်အုပ်ချုပ်လာပြီးတော့ ပုန်ကန်မှုအားလုံးကို နှိမ်နင်းပစ်လိုက်နိုင်တာပါ။ အခုထက်ပိုကောင်းတဲ့ အခြေအနေဆိုတာကတော့ ရွှေရည်စိမ်ဒီမိုကရေစီကနေ ဒီမိုကရေစီစစ်စစ်ကိုထောက်ပံ့မယ့် ဖွဲ့စည်းပုံအသစ်ကို အစကစနိုင်ပါလိမ့်မယ်။ တပ်မတော်ကို နိုင်ငံရေးဦးချိုးပြီး နိုင်ငံရေးထဲကနေ ထုတ်ပစ်နိုင်ပါလိမ့်မယ်။ အဲတာကြောင့် ငြိမ်းချမ်းရေးကိစ္စမှာလည်း တပ်မတော်ရဲ့ သဘောထားကိုပဲ စောင့်ကြည့်နေစရာမလိုတော့ဘဲ ရွေးကောက်ခံအစိုးရရဲ့ သဘောနဲ့ပဲ တိုက်ပွဲတွေရပ်နိုင်လာပါလိမ့်မယ်။
ဒီဖြစ်နိုင်တဲ့ အခြေအနေနှစ်ခုထဲက ပိုဆိုးတာဖြစ်လာမလား၊ ပိုကောင်းတာ ဖြစ်လာမလားဆိုတာကတော့ အာဏာသိမ်းမှုကို တုံ့ပြန်မှုတွေရဲ့ ပြင်းအားအပေါ်မူတည်ပါလိမ့်မယ်။ တောင်တန်းပြည်နယ်တွေက တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း ပြိုင်တူထိုးနှက်တိုက်ခိုက်ကြမယ်၊ ပြည်မက ပြည်သူတွေကလည်း ကန့်ကွက်ဆန့်ကျင်မှုတွေ အပြင်းအထန်လုပ်ကြမယ်၊ နိုင်ငံတကာကလည်း ပြင်းထန်တဲ့ဖိအားပေးမှုတွေလုပ်မယ်ဆိုရင်တော့ ဒါတွေပေါင်းစုထားတဲ့ဒဏ်ကို တပ်မတော်အနေနဲ့ ရေရှည်ခံနိုင်မှာမဟုတ်ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်မကလူထုဟာလည်း ဒီအချိန်မှာ ထင်ရှားတဲ့ ဘုံရန်သူရှိလာပြီမလို့ အချင်းချင်းပိုနားလည် ယုံကြည်လာကြနိုင်ပါတယ်။ ဒါကြောင့် ဒီလိုမျိုး အာဏာသိမ်းမှုကို အဖက်ဖက်က ကန့်ကွက်တုန့်ပြန်ခဲ့မယ်ဆိုရင်တော့ ဒီထက်ပိုကောင်းတဲ့ ဒီမိုကရေစီစစ်စစ်ကိုလည်းရနိုင်သလို၊ နှစ်ပေါင်းများစွာဝေးကွာနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့လည်း နီးစပ်သွားနိုင်ပါတယ်။ တပ်မတော်လည်း နိုင်ငံရေးမှာ ဦးကျိုးသွားနိုင်ပါတယ်။ ဒါကြောင့် တကယ်လို့သာ တပ်မတော်က အာဏာသိမ်းခဲ့ရင် တပ်မတော်အနေနဲ့ သူ့သေတွင်းသူတူးသလို ဖြစ်သွားနိုင်ပါတယ်။
အာဏာ သိမ်းမှာလား?
ဒီမေးခွန်းအတွက်ကတော့ လက်ရှိအခြေနေအရ အာဏာသိမ်းမှုဟာ ဖြစ်နိုင်တဲ့အခြေနေမရှိဘူးလို့ပဲ သုံးသပ်နိုင်ပါတယ်။ ဘာလို့လဲ။ တပ်မတော်အာဏာသိမ်းမှု ဖြစ်ရင် ပထမဆုံးထိခိုက်မှုရှိလာနိုင်တာကတော့ တပ်မတော်ကိုယ်တိုင်ပါပဲ။ပထမဆုံးအနေနဲ့ ပြည်သူလူထုရဲ့ နိုင်ငံရေးအသိမြင့်တက်လာမှုကြောင့် သပိတ်မှောက်နည်းလမ်းတွေကျင့်သုံးလာတဲ့အခါ အရင်ဆုံး စီးပွားရေးထိခိုက်လာနိုင်တာကတော့ မြောက်မြားစွာရှိနေတဲ့ ကဏ္ဍစုံက တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေဖြစ်နေတာပါပဲ။ ဒါ့အပြင် နိုင်ငံ့အာဏာရယူလိုက်တဲ့အခါရင်ဆိုင်လာရမယ့် နိုင်ငံတကာဖိအားတွေကို တပ်မတော်ကအစိုးရတစ်ရပ်အနေနဲ့ရင်ဆိုင်လာရမှာဖြစ်လို့ ကာကွယ်ပေးနိုင်တဲ့သူမဲ့သွားမယ့်အခြေနေမျိုးရင်ဆ်ုင်လာရမှာပါ။ အရေးကြီးဆုံး အကြောင်းပြချက်ကတော့ ၂၀၀၈ အခြေခံဥပဒေဖြစ်နေတာပါပဲ။ ဟုတ်ပါတယ်။ တပ်မတော်အစိုးရက ဦးဆောင်ရေးဆွဲခဲ့တဲ့အခြေခံဥပဒေဟာ တပ်မတော်ကို အာဏာသိမ်းစရာမလိုအောင် အာဏာပေးထားပြီးဖြစ်ပါတယ်။ လက်ရှိ status quo ဆိုတဲ့အနေအထားဟာလည်း ၂၀၀၈အခြေခံဥပဒေရဲ့ဘောင်ရလဒ်တစ်ခုဆိုတာကလည်းထင်ရှားနေပါတယ်။ အကယ်၍ တပ်မတော်ဟာ ၂၀၀၈အခြေခံဥပဒေကို ဖျက်သိမ်းပြီး အာဏာသိမ်းခဲ့မယ်ဆိုရင်လည်း ဒီအခြေခံဥပဒေထက် တပ်မတော်ကိုနိုင်ငံရေးစင်မြင့်မှာ ခိုင်မြဲစေမယ့် အခြေခံဥပဒေ ပေါ်ထွက်ဖို့ဟာ အချိန်အတိုင်းအတာအရရော, အာဏာသိမ်းရင် ဖြစ်ပေါ်လာမယ့် နိုင်ငံရေးဖိအား အကျိုးဆက်တွေအရရော ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်သေးဘူးဆိုတာ သုံးသပ်နိုင်ပါတယ်။ အာဏာကို ဆက်လက်တည်မြဲစေမယ့် Status quo အနေအထားကသာ တပ်မတော်အတွက် နိုင်ငံရေးတွက်ခြေကိုက်ပါတယ်။ချုပ်ရမယ်ဆိုရင်တော့ ယခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေးတင်းမာမှုတွေဟာ အာဏာသိမ်းနိုင်ဖို့ အခြေနေကို ဦးတည်ဖို့ ဖြစ်တန်ချေ နည်းလွန်းလှပါတယ်။ အကယ်၍ ဖြစ်ခဲ့ရင်တောင် အထက်ကဖော်ပြခဲ့တဲ့ တုံ့ပြန်ချက်တွေကို ရင်ဆိုင်ရမှာပါ။ ဒီလိုဖြစ်လို့ နိုင်ငံဟာ လမ်းဆုံလမ်းခွရောက်ခဲ့ရင်တောင် လက်ရှိအခြေနေကိုဖျက်ပြီး ပိုမိုကောင်းမွန်တဲ့ နိုင်ငံရေးအခင်းအကျင်းတွေ ဖြစ်ပေါ်လာနိုင်တာမို့ တပ်အနေနဲ့ အရဲစွန့်ပြီး အရှုံးပေါ်မယ့် ကစားကွက်ကို မကစားနိုင်ဘူးလို့ သုံးသပ်မိပါတယ်။
ကောင်းစည်သူ ၊ အောင်ကျော်စိုး
[ဆောင်းပါးပါစာများသည် စာရေးသူများ၏ အာဘော်သာဖြစ်သည်။]
Comments
Post a Comment