Interview With နော်စီဖိုးရာစိန်

 NCA လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့ထဲက တချို့ဟာ စာချုပ်မပျက်သေးဘူးလို့ ထင်နေကြတယ်။ 
လက်တွေ့မှာတော့ NCA ဟာ မရှိတော့ဘူး။ 
ဘာကြောင့် ကျမဒီလို ပြောနိုင်ရတာလဲ။ 
NCA လက်မှတ်ထိုးတာ မြန်မာစစ်တပ်ရယ်၊ အရပ်သား အစိုးရရယ်၊ တိုင်းရင်းသား လက်နက်ကိုင်တချို့ရယ်။ 
မြန်မာစစ်တပ်က NCA ကို စတင်ချိုးဖောက်တာ ဖြစ်တယ်။ 
စာချုပ် လက်မှတ်အတူတူ ထိုးထားတဲ့ အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းလိုက်တယ်။ 
အဲဒီမှာ NCA ငါးပါးမှောက်တာပဲ။ စာချုပ်ကိုင်ပြီး ဘယ်သူနဲ့ စကားပြောညှိနှိုင်းရမလဲ မေးစရာ ရှိလာတယ်။ စစ်တပ်နဲ့လား။ စာချုပ်ပြဌာန်းချက်အရ ညှိနှိုင်းဖို့ဆို (အစိုးရ/စစ်တပ်/EAO) သုံးဖွဲ့စလုံး ပါဖို့ လိုတယ်။ 
နိုင်ငံရေး ပြဿနာတွေဟာ မြန်မာစစ်တပ်၊ EAO နဲ့ အစိုးရ သုံးပွင့်ဆိုင် ညှိနှိုင်းဖြေရှင်းရမှာဖြစ်တယ်။  တိုင်းပြည်အာဏာကို အင်အားသုံး သိမ်းယူလိုက်တယ်ဆိုကတည်းက မြန်မာစစ်တပ်ဟာ NCA ကို တရားဝင် ချိုးဖောက်လိုက်ပြီးသား ဖြစ်သွားခဲ့ပြီ။
 NCA မှာ နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ အသေအချာ ပြဌာန်းထားတယ်။ နှိပ်စက်ညှင်းပန်းတာ မလုပ်ရဘူး။ ဒါကြောင့် နိုင်ငံသားတွေကို နှိပ်စက်ညှင်းပန်တာမျိုး မလုပ်သင့်ဘူး။ 
ခုတော့ သူတို့ဟာ ကိုယ်ပေးထားတဲ့ကတိ ကိုယ်ပြန်ချိုးဖောက်ပြီး နိုင်ငံသားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်။ 
ဒီလို ကိုယ့်နိုင်ငံသား ကိုယ်ပြန်သတ်တဲ့ စစ်အာဏာရှင်နဲ့ ဘယ်လိုအပေးအယူလုပ်မှာလဲ။ 
ကျမအမြင်ပြောရရင် EAO တွေ သေသေချာချာ စဥ်းစားကြဖို့ပဲ။ 
ကျမတို့ လုပ်သင့်တာက ဒီအကြမ်းဖက် စစ်အာဏာာရှင် ပြိုလဲဖို့ဖြစ်တယ်။ 
သူတို့ကို ပြန်လှန် တိုက်ရဲဖို့လိုတယ်။ လက်နက်ကိုင်တိုက်ပွဲဝင်ခြင်းဟာ စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့ တခုတည်းသော နည်းလမ်းတော့ မဟုတ်ဘူး။ နည်းလမ်းအသွယ်သွယ်ရှိတယ်။ ကျမတို့ EAO တွေ ညီညွတ်ကြမယ်ဆိုရင် စစ်အာဏာရှင် ချုပ်ငြိမ်းအောင် လုပ်နိုင်မယ်။ တရားမျှတ မှန်ကန်တဲ့ တော်လှန်ရေးဟာ တနေ့အောင်ပွဲခံမှာပဲ။ ရန်သူကိုတော့ ရန်သူလိုပဲ မြင်ဖို့လိုတယ်။ ရန်သူနဲ့ မိတ်ဆွေ ကွဲကွဲပြားပြား ခွဲခြားဖို့လည်းလိုတယ်။ မဟုတ်ရင် တော်လှန်‌ရေးမှာ အဖုအထစ်တွေရှိမယ်။ ဒါတော်လှန်ရေးသမားတိုင်း သတိထားရမယ့် အချက်ပဲ။ ကျမတို့ တော်လှန်ရေးရဲ့ ပန်းတိုင်က ဘာလဲ။ ကျမတို့ ဖိနှိပ်ညှင်းပန်းအုပ်ချုပ်တဲ့ လက်အောက်မှ လွတ်မြောက်ဖို့ တိုက်ပွဲဝင်ကြတယ်။ ဒီကနေ့ မြို့ပြမှာ တွေ့နေရတဲ့ ဖိနှိပ်ညှင်းပန်းမှုမျိုးပေါ့။ ခု လူတိုင်းက အာဏာရှင်ကို ဆန့်ကျင်လာကြပြီ။ ကျမတို့လည်း မပါသင့်ဘူးလား။ သေချာတာပေါ့။ ကျမတို့ ပါသင့်တာပေါ့။ ကိုယ့်ကိုယ်ကို တော်လှန်ရေးသမားလို့ ခံယူထားတဲ့ EAO အားလုံး ဒီအချက်ကို သဘောပေါက်ဖို့လိုတယ်။ 
********
ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် ရွေးကောက်ခံ လွှတ်‌တော်ကိုယ်စားလှယ်တွေ စုပေါင်းပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH  ဖွဲ့တယ်။ သူတို့က ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးချယ်ခံရသူတွေ လွှတ်တော်ကို ကိုယ်စားပြုသူတွေ။ အုပ်ချုပ်ရေး လိုအပ်ချက်အရ CRPH ဟာ ကြားဖြတ်အစိုးရတခု ဖွဲ့လိုက်တယ်။ သူတို့က အမျိုးသားညီညွတ်‌ရေး အစိုးရ NUG လို့ခေါ်တယ်။ အစိုးရအဖွဲ့မှာ ၂၀၂၀ ရွေးကောက်ပွဲမှ ရွေးချယ်ခံ အမတ်တွေပါတယ်။ တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ EAO နဲ့  နိုင်ငံရေး ပါတီများ၊ အထွေထွေသပိတ်ကွန်ယက်မှ ကိုယ်စားလှယ်များ ပါတယ်။ NUG မထူထောင်ခင် အမျိုးသားညီညွတ်‌‌ရေး အတိုင်ပင်ခံကောင်စီ NUCC ကိုဖွဲ့တယ်။ NUCC က ပြည်နယ်တိုင်း လွှတ်တော်တွေနဲ့ ချိတ်ဆက်ပြီး NUG ကို ထောက်ပံ့မယ်။ NUCC မှာ EAO ခေါင်းဆောင်အဆင့်တွေ ကိုယ်စားလှယ်အနေနဲ့ ပါတယ်။ တိုက်ရိုက်တော့ မဟုတ်ဘူး။ ပြည်နယ်အသီးသီးမှ တိုင်းရင်းသား အုပ်စုတွေဟာ EAO တွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်လူ့ဘောင်အဖွဲ့ ဘာသာရေးအဖွဲ့တွေနဲ့ တိုင်းပြည်ကို ကိုယ်စားပြုပြိး ကော်မတီဖွဲကြတယ်။  သူတို့အထဲကမှ NUG ထဲမှာပါဖို့ ကိုယ်စားလှယ် လွှတ်မယ်။ ဒါကြောင့် NUG ဟာ တိုင်းရင်းသား ကိုယ်စားပြုမှုရှိတယ်။
ရှင်းရှင်းပြောရရင် ကျမတို့ CRPH ကို အကဲခတ်တယ်။ ပထမဆုံး သူတို့ မြန်မာစစ်တပ်ကို ဆန့်ကျင်တယ်။ ဒုတိယ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းတယ်။ ကျမတို့က NLD အစိုးရလက်ထက် ကတည်းက ၂၀၀၈ အခြေခံ ဥပဒေကို ဖျက်သိမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာ။ ဒါပေမဲ့ သူတို့ မတတ်နိုင်ခဲ့ဘူး။ အခု CRPH က ၂၀၀၈ အခြေခံ ဥပဒေကို ဖျက်သိမ်းကြောင်း တရားဝင် ကြေညာလိုက်ပြီ။ ဒါဟာ ကျမတို့တော်လှန်ရေးရဲ့ ချဥ်းကပ်မှုနဲ့ ကိုက်ညီတဲ့ လုပ်ရပ်ကောင်းပဲဖြစ်တယ်။ တတိယ အနေနဲ့ မြန်မာစစ်တပ်ကို အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာတယ်။ အရင်တုန်းက မြန်မာစစ်တပ်က တိုင်းရင်းသားတွေအပေါ် ရက်စက်ကြမ်းကြုတ် အကြမ်းဖက်တာတွေ လုပ်ခဲ့ပေမဲ့ လူမသိဘူး။ မြို့ပြနေ ပြည်သူတွေဟာ စစ်တပ်ရဲ့ ရက်စက်အကြမ်းဖက်တာကို သတိမပြုမိကြဘူး။ ခု သူတို့ရဲ့ ရက်စက်မှုတွေကို မြို့ကြီးတွေမှာ တွေ့လာရတယ်။ CRPH က သူတို့ကို အကြမ်ဖက်အဖွဲ့လို့ ကြေညာတယ်။ ဒါကို ကျမတို့ ထောက်ခံတယ်။ လူထုကြီး ဒီကနေ့ ခံစားနေရတာတွေဟာ အရင်က ကျမတို့ ခံစားခဲ့ရတဲ့ အတိုင်းပဲ။ မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာတာ ကျမတို့တော်လှန်ရေးအတွက် ကောင်းတယ်။ ဒီအတွက် ကျမတို့ထောက်ခံတယ်။ 
နော်စီဖိုးရာစိန်

Comments

Popular posts from this blog

20 march 2021

သပိတ်မှာ ဆောင်ရန် ရှောင်ရန်

IP တွေ Google Maps တွေနဲ့ ဝရမ်းတွေထုတ်၊ လိုက်ဖမ်းနေတာ ကြောက်ရမလား။