Descending into economic collapse


 
မြန်မာပြည်ဟာ ရှေ့မှာ ဖြစ်နိုင်ချေ၃ခုရှိနေတယ်လို့ အာရှတခွင် (Asian Insider) ဂျာနယ်ရဲ့ အင်တာဗျူးကို ကြည့်ရတယ်။ စီးပွားရေးပြိုကျပျက်စီးခြင်းသို့ဆင်းသက်ခြင်း (Descending into economic collapse) ဆိုပြီးဆောင်းပါးအနေနဲ့လည်းဖော်ပြထားတယ်။ အင်တာဗျူးခံရသူ၂ဦးက ဟားဗတ်မြန်မာပရိုဂရမ်တခုက သုတေသနပညာရှင်မြန်မာအမျိုးသမီးတဦးဖြစ်ပြီး နောက်တဦးက နိုင်ငံတကာအကျပ်အတည်းအစုအဖွဲ့ (International Crisis Group) ရဲ့  မြန်မာအကြီးတန်းအကြံပေးပါ။ နာမည်တွေက ဒေါ်ပွင့်ထွန်းနဲ့ ရစ်ချတ်ဟိုစေးတို့ဖြစ်တယ်။ အင်တာဗျူးတဲ့သူက Asian Insider ရဲ့ ယူအက်ဗျူရိုအကြီးအကဲ နီရာမယ်ဂို့ရှ် ဆိုသူပါ။ 
ဖြစ်နိုင်ချေ၃ခု
မေးခွန်းတခုမှာ မြန်မာပြည်ဟာ ကျဆုံးနိုင်ငံတခုအဖြစ်ကိုဦးတည်နေတယ်လို့ ပြောနေကြတယ်။ တနိုင်ငံလုံး ပြည်တွင်းစစ်ဖြစ်မှာလားဆိုတာပါတယ်။ ဟိုစေးက ပြန်ဖြေတာကမြန်မာဟာ နှစ်၇၀လောက်ပြည်တွင်းစစ် ဖြစ်နေတာမို့ ပြည်တွင်းစစ်ဖြစ်မလားဆိုတာက သိပ်မထူးသလိုပါတဲ့။ ဒါပေမယ့် ဒီတခါဖြစ်မှာကတော့ ဖြစ်နေကျ ပြည်နယ်အစွန်အဖျားတွေမှာတင်မဟုတ်ပဲ မြို့ပေါ်တွေအထိတက်ဖြစ်မယ့်သဘောပါလို့ဆိုတယ်။ သူထပ်ပြောတာက မြန်မာနိုင်ငံဟာ ရှေ့မှာ ဖြစ်နိုင်ချေ၃မျိုးထဲက တခုခုကိုတွေ့ရဖို့ရှိတယ်။ ပထမတမျိုးက စစ်တပ်ကထိမ်းချုပ်သွားမယ်။ ဒုတိယဖြစ်နိုင်ချေက စစ်တပ်ကိုဖြုတ်ချပြီး တော်လှန်‌ရေးအောင်မြင်တာ ဖြစ်ပြီး နောက်ဆုံးတမျိုးက အဲဒီ၂ခုအကြားဘယ်မှမရောက်ပဲ နှစ်တော်တော်ကြာ ဒီဝဲဂယက်ထဲလည်နေမှာ မျိုးဖြစ်တယ်။ တတိယအမျိုးအစားဟာ တိုင်းပြည်ကိုဆင်းရဲဒုက္ခတွင်းထဲကိုဆွဲချမယ်။ အတော်အတိဒုက္ခ ရောက်စေမှာဖြစ်တယ်လို့ ဆိုတယ်။ စကစ ဟာ အစိုးရတရပ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်းမလုပ်နိုင် ကျန်းမာရေး၊ ပညာရေး နဲ့ အစားအသောက်တွေလုံခြုံသန့်ရှင်းမှုရှိစေရေးဆိုတာတွေကို ဘယ်လိုမှစီမံခန့်ခွဲ နိုင်စွမ်းရှိမှာမဟုတ်ဘူးလို့လည်းဆိုတယ်။ 
တနေ့ဝင်ငွေ အမေရိကန် တဒေါ်လာ
ဒေါ်ပွင့်ထွန်းကလက်ရှိစီးပွားရေးနဲ့ပတ်သက်လို့ မေးခွန်းကိုဖြေရာမှာ ယူအင်ဒီပီ (ကုလဖွံ့ဖြိုးရေးအစီအစဥ်) ကို ကိုးကားဖြေသွားတယ်။ ၂၀၂၀ စကတည်းက လူဦးရေရဲ့ ၈၃% ဟာ ဝင်ငွေနိမ့်ကျမှုစဖြစ်တယ်။ ၂၀၂၂ မတိုင်ခင်မှာပဲ လူဦးရေရဲ့ တဝက်နီးပါး (၄၈.၂%) ဖြစ်တဲ့ လူ၂၈သန်းလောက်ဟာ ဆင်းရဲမှုမျဥ်းရဲ့ အောက်ကို ရောကမယ်ဆိုတာပါပဲ။ ဆိုလိုတာက လူတဦးတရက်ဝင်ငွေဟာ ပျမ်းမျှအမေရိကန်၁ဒေါ်လာ (ဆိုပါစို့ ၁၆၀၀ကျပ်) ပဲရှိမယ်ဆိုတာဖြစ်တယ်။ 
ဘဏ်တွေဟာပြိုလဲမလိုဖြစ်နေတယ်။ စတာကတော့ ဆက်သွယ်ရေးနဲ့ အင်တာနက်လိုင်းတွေကို စဖြတ်လိုက်တာပါတဲ့။ အဲဒီကမှ မိုဘိုင်းငွေပေးချေတဲ့စနစ်ပျက်ပြီး ငွေသားအခြေခံနဲ့ အဓိကလည်နေတဲ့ လူ့အဖွဲ့အစည်းတခုဟာ ငွေသားအပေါ်ပိုပြီးမှီခိုလာရတယ်။ ဂျာမန်ကုမဏီကပိတ်ဆို့တဲ့နောက်မှာ ငွေစက္ကူတွေထပ်ရိုက်ဖို့ဆိုတာလည်းမဖြစ်နိုင်တော့တာတွေ့ရတယ်။ ငွေထုတ်တဲ့ပမာဏတွေကို ကန့်သတ်တယ်။ ဘဏ်တွေမှာ ငွေထုတ်စက်ကငွေထုတ်မယ့်လူတန်းရှည်ကြီးကြောင့် လူတွေဟာ ညမထွက်ရအမိန့်အောက်မှာပဲ တရက်ကြိုပြီး ငွေထုတ်ဖို့တန်းထစီလာရာကနေ ငွေတသိန်း၂သိန်း ထုတ်နိုင်ဖို့ကို အန္တရယ်တခုလုံးရင်းပြီး လာကြရတယ်လို့ဆိုတယ်။ 
ရှေ့နှစ်ဆန်ရေစပါးအခြေအနေ နဲ့ ဖြစ်ထွန်းလာနိုင်တဲ့အခြားစီးပွားရေးတွေ
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို ထိခိုက်ဖို့လည်းရှိနေတယ်လို့ သူမကပြောတယ်။ ခုချိန်ဟာ မိုးကျတော့မှာမို့ လယ်သမားတွေစပါးစိုက်ဖို့ ပြင်ဆင်ကြရတဲ့အချိန်ပါ။ မျိုးစေ့တွေဝယ်ဖို့ ဓတ်မြေသြဇာနဲ့ အခြားလိုအပ်တဲ့ ပစ္စည်းတွေဝယ်ဖို့ ဒီအချိန်ဟာ ပုံမှန်မှာ ချေးငွေရတဲ့အချိန်ဖြစ်တယ်။ ဒီနှစ်စပါးစိုက်ပျိုးမှုထိခိုက်ပြီဆိုတာနဲ့ အဲဒီဒါဏ်ကိုရှေ့နှစ်စပါးပေါ်ချိန်မှာ သေချာပေါက်ကြုံတွေ့ရမှာဖြစ်တယ်လို့လည်းဆိုတယ်။ ဒီနှစ်ဘဏ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေပြိုလဲပြီး ရှေ့နှစ်စားနပ်ရိက္ခာမလုံလောက်မှုကို ကြုံတွေ့ရဖို့ရှိနေတယ်လို့ ဆိုတယ်။
အာစီယံကလုပ်မယ့် လူသားချင်းအကူအညီပေးမယ်ဆိုတာတွေဝင်လာရင် သတိထားဖို့တခုလည်း ရှိနေတယ်။ အဲဒါက တချို့ တာဝန်ရှိသူတွေဟာ ဒီလိုအကူအညီတွေကို မသမာတဲ့နည်းလမ်းနဲ့ ကိုယ်ကျိုးရှာတဲ့ ဖြစ်ရပ်တွေ အရင်ခဲ့ရှိခဲ့လို့ပဲဖြစ်တယ်လို့ ဆိုတယ်။ 
ဟိုစေးကတော့ မူးယစ်ဆေးဝါးရောင်းဝယ်ရေးစီးပွားရေးလုပ်ငန်းနဲ့ ချမ်းသာကြွယ်ဝပြီး ရာဇဝတ်မှုတွေကြီးစိုးတဲ့ အဲဒီအင်အားစုတခု တိုင်းပြည်နိမ့်ကျပြိုလဲနေချိန်မှာပေါ်လာနိုင်ပြီး နှိမ်နှင်းဖို့အတော်ခက်ခဲတဲ့ အနေအထားနဲ့ ကြုံတွေ့ရနိုင်တယ်လို့လည်းဆိုတယ်။ မူးယစ်ဆေးနဲ့ လူကုန်ကူးမှုတွေ ကြုံတွေ့ရမယ်။ ရှေ့မှာပြောခဲ့သလို စစ်က နယ်စပ်တွေမှာ ပြည်နယ်တွေမှာပဲ ဖြစ်နေမှာမဟုတ်၊ တိုင်းပြည်ရဲ့ တကယ့်စင်တာတွေ မြို့ကြီးပြကြီးတွေမှာ ဖြစ်နေမယ်။ နိုင်ငံရဲ့ တကယ့်နှလုံးသားနယ်မြေ (heartland) တွေမှာ စီးပွားရေးနိမ့်ပါးကျဆင်းရုံပါမက လုံခြုံရေးအခြေအနေတွေပါ ဆိုးဝါးလာမှာဖြစ်ပြီး ဒီအခြေအနေဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသဆိုင်ရာတည်ငြိမ်ရေးကိုပါ ထိခိုက်စေမှာပါပဲလို့ ပြောတယ်။ 
နောက်ဆုံးမှာ ‌ဒေါ်ပွင့်ထွန်းက ခုအချိန်ဟာကိုဗစ်အချိန်ဆိုတာသတိထားဖို့လိုပါတယ်တဲ့။ ကာကွယ်ဆေးသေချာမထိုးရသေးတဲ့ နိုင်ငံတခုမှာ ကျောင်းတွေကိုအတင်းပြန်တက်ခိုင်းနေတာဟာ သဘာဝမကျသလို လုပ်လည်းမလုပ်သင့်ပါဘူးတဲ့။ စစ်ဗိုလ်ချုပ်ကြီးတွေဟာ စင်ကာပူမှာ ဒေါ်လာသန်းနဲ့ချီတဲ့ ဘဏ်စာရင်းတွေနဲ့ ချမ်းသာကြွယ်ဝနေသ‌လောက် အောက်ခြေစစ်သားတွေဟာ တလကို ‌ဒေါ်လာ၁၀၀သာသာ လောက်ဝင်ငွေနဲ့ သူတို့အမှုတော်ကိုထမ်းပေးနေရတာဖြစ်တယ် လို့သတိပေးပြောသွားခဲ့တယ်။  
နိုင်ငံတော်နဲ့ နိုင်ငံသား
ပြောရရင် ဒီအခြေအနေတွေက စီးပွားရေးကျွမ်းကျင်သူတွေ၊ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ၊ ကမ္ဘာကျော် စာနယ်ဇင်းတွေမှာမှ ကျနော်တို့ကြားရနိုင်တာမျိုးမဟုတ်ပါဘူး။ လူထုဟာဖြစ်လာတော့မယ် အခြေအနေတွေကို အခြေခံလောက်တော့ နားလည်သဘောပေါက်ထားကြပြီးဖြစ်တယ်လို့ ယူဆတယ်။ ဟိုစေးပြောခဲ့တဲ့ လမ်း၃လမ်းမှာ စစ်ကောင်စီကလုံးဝထိန်းချုပ်ပြီး တိုင်းပြည်ကိုလည်ပတ်သွားဖို့ဆိုတာ ကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ကျန်တဲ့၂လမ်းထဲက တော်လှန်ရေးအောင်မြင်မှုဖြစ်လာမလား၊ ဘယ်ဘက်ကမှအသာမရပဲ တိုင်းပြည်ဟာပျက်စီးခြင်းသံသရာထဲ ဝဲလှည့်နေမလား ဆိုတဲ့ ၂မျိုးထဲက တမျိုးကတော့ ဖြစ်နိုင်ချေရှိနေတာတွေ့ရတယ်။ သို့သော် ဒုတိယတမျိုးကလည်း တိုင်းပြည်နဲ့ လူထုအတွက် အရှုံးပဲလို့ သဘောပေါက်ထားဖို့လိုတယ်။ 
ကျနော်ကျမတို့ လုံးဝနိုင်ချင်ပါတယ် နည်းရှိမလားဆိုရင်တော့ရှိတယ်လို့ ဖြေရမှာပါ။ လူထုရဲ့ တော်လှန်ရေးတိုက်ပွဲဝင်မှုကို မရပ်တန့်ဖို့ပါပဲ။ လူထုနောက်ဆုတ်ရင် အားလုံးပြိုလဲသွားမှာအမှန်ပဲ။ သို့သော် လူထုဆိုတာပုံမှန်မှာ သေနတ်မပြောနဲ့ အိမ်မှာအသားခုတ်အရွက်လှီးတဲ့ ဓါးကလွဲလို့ ဘာမှမရှိတဲ့တိုင်းပြည်ရဲ့ အခြေခံလူတန်းစားတရပ်ဖြစ်တယ်။ ဒီတော့ လူထုပါဝင်တဲ့တော်လှန်ရေးဆိုတာ စစ်အာဏာရှင်ရဲ့ အာဏာကို ဖီဆန်ရေးပဲဖြစ်တယ်။ အကြမ်းမဘက်အာဏာဖီဆန်ကျဖို့ဆိုတာ လမ်းပေါ်ထွက်အော်ဖို့၊ လက်လုပ်ဗုံးတွေ လုပ်ဖို့ ညဖက်ကင်းစောင့်ဖို့စတာတွေကိုပြောတာမဟုတ်ပါဘူး။ ဖဘ မှာ ပရိုဖိုင်တွေပိတ်ထားတာ၊ တော်လှန်ရေးနဲ့ မပတ်သက်သယောင် တခြားပို့စ်တွေတင်တာ၊ သီချင်းသံသာ စိန်ပန်းပြာနဲ့ တက္ကသိုလ်ကျောင်းကငွေလမင်း။ ပုဂ္ဂလိကဘဝဝေဒနာတွေနဲ့ ခံစားချက်တွေကိုတင်နေတာတွေဟာ လူထုရဲ့ အကြမ်းမဘက်အာဏာဖီဆန်ရေးကို ပျက်ရယ်ပြုရာကျပါတယ်။ 
တိုင်းပြည်ရဲ့ လူဦးရေတဝက်လောက်ဟာ ဆင်းရဲတွင်းထဲမှာနေကြရမယ်၊ လတ်တလော သေဆုံးခဲ့တဲ့ လူ၇၈၀ကျော်အတွက်ပူဆွေးသောကရောက်နေရတဲ့မျက်ရည်တွေနဲ့ ဖမ်းစီးချုပ်နှောင်ခံထားရတဲ့ လူ၃၀၀၀ ကျော်ရဲ့  နှိပ်စက်ညှင်းပမ်းခံရမှုတွေအောက်မှာ အလှပုံတွေတင်တာ စားကောင်းသောက်ဖွယ်တွေနဲ့ ပြုံးပျော်နေကြတာဟာ တာဝန်သိပြည်သူတယောက်ရဲ့ လုပ်ရပ်တွေဖြစ်မလားပြန်စဥ်းစားကြည့်ဖို့ပါ။ ကိုယ်တင်တဲ့ စာတကြောင်းကပဲဖြစ်စေ စစ်အာဏာရှင်ရဲ ဖိနှိပ်မှုကိုတော်လှန်ရာရောက်ဖို့လိုပါတယ်။ လူထုရဲ့ နိုင်ငံရေးအသိနဲ့ တော်လှန်ရေးအတွက်ရပ်တည်ချက်မှာစွဲမြဲမှုနဲ့ ပံ့ပိုးမှု ပါဝင်ဆောင်ရွက်မှုကသာ အောင်မြင်မှုကို လျှင်မြန်စွာဖော်ဆောင်စေမှာ ဖြစ်တယ်။

Comments

Popular posts from this blog

20 march 2021

သပိတ်မှာ ဆောင်ရန် ရှောင်ရန်

IP တွေ Google Maps တွေနဲ့ ဝရမ်းတွေထုတ်၊ လိုက်ဖမ်းနေတာ ကြောက်ရမလား။