စစ်အာဏာရှင်ကို တိုက်ပွဲ ဝင်ခြင်း အပိုင်း၂

 အီဂေါဗလာဇီဗစ် ရေးတဲ့ "စစ်အာဏာရှင်ကို တိုက်ပွဲ ဝင်ခြင်း အပိုင်း၂" ကို ဖတ်ပြီးတဲ့အခါ ကျွန်မ မှတ်သားလိုက်မိတဲ့ သင်ခန်းစာတွေ တော်တော်ပါတာမို့ နံပါတ်စဉ် ရေးထိုးပြီး ပြန်လည် ဖော်ပြပါရစေရှင့်

စစ်မျက်နှာ အရပ်ရပ်တွင် ရှုံးနိမ့်နေမှုကို ဖုံးကွယ်ရန် မင်းအောင်လှိုင်သည် အဆုံးစွန်ရက်စက်မှုကို ကျူးလွန်လျက်ရှိသည်။
စစ်အုပ်စုကြောင့် နစ်နာဆုံးပါးရသူတို့၏ ထိခိုက်ဒဏ်ရာပုံများကို အတောမသတ် မဖြန့်ဝေစေလိုပါ။ အကြောင်းမှာ မအလကို အကြမ်းဖက်ဂုရုကြီး အဖြစ် အမှန်တကယ်ထက် ပိုမိုအားကြီး၊ သန်မာသော ဧရာမကြီးဟု မထင်စေလို၍ ဖြစ်ပါသည်။ စိတ်ခံစားမှုများကြောင့် ရှင်းရှင်းပြတ်ပြတ် အာရုံပြု ဂရုစိုက်နားလည် ရမည်များကို ဝေဝါးမသွားစေလို၍လည်း ဖြစ်ပါသည်။
မအလ သည် အားကြီးသော လန့်စရာပုဂ္ဂိုလ်အဖြစ် အမြင်ခံလိုပါသည်။ သို့ရာတွင် သူသည် အကြီးစား အရှုံးသမားသာဖြစ်ပါသည်။သူသည် ဘက်ပေါင်းစုံ အရှုံးသမားဖြစ်ပါသည်။
စစ်အုပ်စု၏ လက်ရှိအားသာချက်များမှာ
-သတ်ဖြတ်၊ ဖမ်းဆီး၊ ဖျက်ဆီး၊ ဖိနှိပ်နိုင်စွမ်းအား မြင့်ခြင်း
-စစ်တပ်က ငါတို့ခံတပ်ဟူသော တပ်တွင်းအမြစ်တွယ်နေသည့် တွေးပုံ။
အချင်းချင်းသစ္စာရှိကြသည်ဆိုသည်မှာလည်း နက်ရှိုင်းစွာ အမြစ်တွယ်နေသော ထိုစိတ်က တစိတ် တပိုင်းဖြစ်ပါသည်။ လူဆိုးဂိုဏ်းမာဖီးယားများတွင် မကောင်းမှု အတူတူလုပ်၍ ညီညွတ်ကြပုံမျိုးက တစိတ်တပိုင်း ဖြစ်ပါသည်။ ထိုသို့သော အဖွဲ့တွင် ခွဲထွက်ဖို့လုပ်လျှင် လက်တုန့်ပြန်မှုက လျင်မြန်ရက်စက်မည်ဟူသော အခြေအနေလည်း ရှိပါသည်။
-အော်ဝဲ၏ ဝတ္ထုထဲမှ ခွေးများကဲ့သို့ အမိန့်နာခံ ခိုင်းရာလုပ်မည့် အောက်ခြေ အဆင့် စစ်သား၊ ရဲသားများလည်း ရှိပါသည်။ ငယ်ရွယ်စဉ်ကပင် မိဘနှင့် သာမန်လူ့အဖွဲ့အစည်းမှ ဆွဲထုတ်ယူ၍ ထမင်းကောင်းကောင်းကျွေးထားသည့် တိုက်ခွေးများမှလွဲ၍ တခြားဘာမှ မဖြစ်အောင် ပုံသွင်းလေ့ကျင့်ထားကြပါသည်။
ထို့ကြောင့် ပြည်သူတို့အနေနှင့်
၁- အလျင်အမြန်အောင်ပွဲရမည်ဟု မမျှော်လင့်ဖို့ အရေးကြီးပါသည်။
အဘယ်ကြောင့်ဆိုသော် စစ်အုပ်စုတွင် အန္တရာယ် ကြီးသည့် အားသာချက်များ ရှိနေပါသည်။ သူတို့၏ အားသာချက်ကိုလျှော့တွက်သည့် စိတ်ကူးယဉ်အတွေးမျိုးနှင့် ဆိုလျင် အထိအခိုက်ဖြစ်နိုင်ပါသည်။ အန္တရာယ်ကြီးသည့် ရန်သူကို ရူးရူးမိုက်မိုက် ဝါကြွားလိုသည့် သတ္တိမျိုးနှင့် တိုက်ပွဲမဝင်ပါနှင့်။ တည်ငြိမ်စွာ တွက်ချက်၍ ဗျူဟာကျသောစိတ်၊ သံမဏိစည်းကမ်း၊ ရည်ရွယ်ချက်တူညီမှုဖြင့် တိုက်ရပါမည်။ ပြည်သူအားလုံးအတွက် တခုတည်းသော ရန်သူသာ ရှိပါသည်။
တွယ်ကပ်ခံနေသော အားကြီးသည့်ရန်သူကို မြန်မြန် နိုင်လိမ့်မည်ဟု မျှော်လင့်လျှင် ကိုယ့်စိတ်ကူးယဉ် အတွေးက ကိုယ့်ကို ပြန်လောင်ကျွမ်း ကုန်ခန်းသွားနိုင်ပါသည်။ အမြန်နိုင်မည်ဟုထင်ပြီး ထင်သလို မဖြစ်သည့်အခါ အမြန် စိတ်ဓါတ်ကျပါလိမ့်မည်။ စိတ်ဓါတ်ကျလျင် စိတ်အင်အားကုန်ပါသည်။ စိတ်အင်အားကုန်လျှင် လူထုတိုက်ပွဲ ရှုံးပါလိမ့် မည်။
စိတ်ပိုင်းဆိုင်ရာ၊ ခံယူမှုရေးရာတွင် ရေရှည်တိုက်ပွဲဖြစ်နိုင်သည်ဟူ၍သာ ပြင်ဆင်ထားပါ။ ရေရှည်အတွက်ဗျူဟာ ရှိပါစေ။ (စစ်အုပ်စုသည် အလျင်အမြန် ပြိုကျသွားနိုင်ပါသည်။ သို့ရာတွင် ရေရှည်အတွက် မျော်ရည် ပြင်ဆင်ခြင်းသည်သာ အောင်ပွဲခံမည့် ဗျူဟာဖြစ်ပါသည်။)
မီတာ ၂၀၀ မဟုတ် မာရသွန် ပြေးနေသည်ဟု ခံယူ အားစိုက်ပါ။
၂- ကယ်တင်ရှင်မမျှော်ပါနှင့်။ ပြည်ပမှ အင်အားတစုစုရောက်လာပြီး ရာဇဝတ်သား စစ်အုပ်စုကို ရပ်တန့်မည်ဟု မျှော်လင့်လျင် မြန်မြန်စိတ်ပျက် လက်လျှော့သွားမိကြပါလိမ့်မည်။
(ကုလသမဂ္ဂ၊အမေရိကန်၊ အီးယူ၊ ဂျပန်၊ တရုတ်၊ အာဆီယံစသည့် နိုင်ငံတကာ အင်အားစုများ၏ ဩဇာသည် စစ်အုပ်စု၏ အားနည်း၊ အားသာကို ဖြစ်စေနိုင်သည်မှန်သော်လည်း သူတို့သည် နှေးကွေး၍ တဆင့်ချင်းသာ ဖြစ်နိုင်ပါလိမ့်မည်။ ကောင်းကင်ဘုံမှ ကယ်တင်ရှင်က မြန်မာပြည်သူတို့ကို စစ်အာဏာရှင်ရန်မှ ကယ်တင်လိမ့်မည်မဟုတ်ပါ။)
ပြည်တွင်းမှ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကသာ အဆုံးအဖြတ်ပေးမည်ဖြစ်ပါသည်။
၃- အချိန်သည် လူထုလှုပ်ရှားမှုဘက်တွင်ရှိပါသည်။ မအလ အနေနှင့် အခြေအနေကို စုစည်းထိန်းချုပ်နိုင်မှု မရှိသေးမချင်း အရှုံးသမားသာဖြစ်ပါသည်။ ရေတိုကာလတွင် သူ့လူမိုက်များက သူခိုင်းသလို ကြမ်းရမ်းနေပြီး နေပြည်တော်ဘန်ကာထဲမှ မင်းအောင်လှိုင်သည် အားကြီးသလို ထင်ရပါသည်။ သို့သော် ရေလတ် ကြားကာလတွင် တိုင်းပြည်ကို မအုပ်ချုပ်နိုင်၊ စီးပွါးရေးကို မလည်ပတ်နိုင်သောကြောင့် အားနည်းသူအဖြစ် မြင်ရပါလိမ့်မည်။
သို့သော် ရုတ်တရက်အောင်ပွဲကို မျှော်လင့် စောင့်ဆိုင်း မနေပါနှင့်။ အောင်ပွဲငယ်လေးများ ရရှိအောင်လုပ်၍ ဂုဏ်ယူဝမ်းမြောက်စွာ ခရီးဆက်ကြပါ။ အောင်ပွဲငယ်လေးများ အစီအရီဖြင့် အဆုံးသတ်တိုက်ပွဲကို အနိုင်ရကြပါလိမ့်မည်။
၄- စစ်အာဏာရှင်ကို အနိုင်ယူရန် တစ်ခုတည်းသော နည်းနာဟူ၍လည်းမရှိပါ။ ပြင်၊ပြောင်း၊ချိန်ညှိ၍ နည်းလမ်းအမျိုးမျိုးကို တောက်လျှောက် အသုံးချနေကြရမည်ဖြစ်ပါသည်။ နေ့တိုင်း၊ သီတင်းပတ်တိုင်း စစ်မျက်နှာများစွာတွင် စစ်အာဏာရှင် အထိနာနေအောင် လုပ်ကြရမည်ဖြစ်ပါသည်။
၅- လမ်းပေါ်ဆန္ဒပြပွဲမှာ အရေးကြီးသော်လည်း သူ့ချည်း ဖြင့် အစိုးရ မပြိုလဲပါ။ ခန့်မှန်းနိုင်သည့် တခုတည်းသော ပုံစံဖြင့် နေ့တိုင်း ဒီနည်းဒီဟန် အတိုင်းပင် ဆန္ဒပြသည့်ပုံစံမလုပ်ပါနှင့်။ စစ်တပ်က အလွယ်ရောက်လာမည့်၊ အဆင်သင့်စောင့်နေမည့် နေရာများသို့ ဆန္ဒပြသူများကို မစုသင့်ပါ။ သူတို့မမျော်လင့်သည့် နေရာတွင်လုပ်လို့ရပါသည်။ သူတို့ထက်ပို၍ ပါးနပ် မြန်ဆန်၍ ရပါသည်။
၆- ရန်သူတဦးတည်းကိုသာ တိုက်ပါ။ အများကြီးကို မတိုက်ပါနှင့်။ မအလနှင့် စစ်အုပ်စုကို တိုက်ရမည်။ အာဆီယမ်တခုလုံးမဟုတ်၊ တရုတ်တပြည်လုံးမဟုတ်ရပါ။ အားကြီးသည့် ရန်သူတဦးကို အောင်နိုင်လို့ ရပါသည်။ အားကြီးသည့် ရန်သူ အများကြီးကိုတော့ နိုင်မည်မဟုတ် ပါ။ အားကြီးသည့်ရန်သူကိုအောင်နိုင်ရန် မိတ်ဆွေများလိုသလို အနည်းဆုံးအားဖြင့် ကြားနေများလည်း လိုပါသည်။
၇-ရန်သူ၏အားနည်းချက် ဘာဖြစ်မလဲဟု အမြဲမေးနေပါ။ စစ်အုပ်စုကို ထောက်ကန်ထားသည့် ထောက် တိုင်များ၏ အားပျော့သည့်နေရာကိုရှာ၍ ဖိအားမပြတ်ပေးနေပါ။
၈- လူထုလှုပ်ရှားမှုသည် တရားဝင်မှု စစ်မျက်နှာတွင် အောင်မြင်ခဲ့ပြီ။ သတင်းအချက်အလက်စစ်မျက်နာတွင် အောင်မြင်ခဲ့ပြီ။
ဆန္ဒပြပွဲများသည် အရေးကြီးသော်လည်း ယခုအခါ အန္တရာယ်ကြီးလာသော ကြောင့် စမတ်ကျသည့် နည်းလမ်းဖြင့်လုပ်သင့်သည်။
၉- ယခုအခိုက်အတန့်အတွက် အရေးကြီးသည့် စစ်မျက်နှာမှာ စိတ်ဓါတ်စစ်ဆင်ရေးဖြစ်သည်။ လူမှုရေး ပြစ်ဒဏ် ( ဆိုရှယ်ပွတ်နစ်ရှ်မန့်) သည် မမျှော်လင့်သည့် အောင်မြင်မှုများရခဲ့သည်။
၁၀- ယခုတိုက်ပွဲတွင်လိုအပ်နေသည်မှာ ဘက်ပြောင်း လာမှုဖြစ်ပါသည်။ သို့မဟုတ် သူတို့အထဲမှ ဒုတိယ၊ တတိယခေါင်းဆောင်ပိုင်းအလွှာတို့ စိတ်ပျက်လာရန် လိုအပ်ပါသည်။
၁၁- လူထုလှုပ်ရှားမှုသည် တနိုင်ငံလုံးပြန့်နေရန် အရေးကြီးပါသည်။ စစ်တပ်သည် နေရာတိုင်းမရောက်နိုင် ပါ။ သူ့အားရှိသမျှ ဆွဲဆန့်ထုတ်နေရအောင် လုပ်ရမည်ဖြစ်ပါသည်။
၁၂- အောက်ခြေမှလာသော ကိုယ်တိုင်စီမံသော စစ်အာဏာရှင်လွတ်မြောက်ရာနယ်မြေများဖန်တီးရန်လိုပါသည်။
၁၃- အတူတကွ ညီညွတ်နေအောင်စွမ်းဆောင်ပါ။ အကြမ်းဖက်မှုမရှိသော ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ရေးသည် လွတ်လပ်စုံလင်သော ဗဟို မချုပ်ကိုင် သော အစုအဖွဲ့များ၏ ဘုံရည်မှန်းချက်ဖြစ်ပါသည်။
၁၄- ခေါင်းဆောင် လှုပ်ရှားရသူဖြစ်ပါက ကိုယ်နှင့် ကိုယ့်အဖွဲ့၏ ရုပ်ပိုင်းနှင့် ဒီဂျစ်တယ်ပိုင်းလုံခြုံရေးကို ဂရုစိုက်ပါ။ ယခုမှစ၍ လှုပ်ရှားမှု၏ အရေးကြီးသော အစိတ်အပိုင်းများမှာ ပုန်းကွယ်စီစဉ်ရသည် များ ဖြစ်ပါလိမ့်မည်။
၁၅- ဆိုရှယ်မီဒီယာတွင် သတိပြု၍ ပညာပါစွာ ဖြန့်ဝေပါ။ သေးငယ်သော အောင်မြင်မှုပင်ဖြစ်ပါစေ ဂုဏ်ယူဖေါ်ပြ၍ အများအတုယူနိုင်သော ဥပမာဖြစ်ရန် အားထုတ်ပါ။ ဆုံရှုံးရမှုများပင် ဖြစ်စေ သူရဲကောင်း ဇာတ်ကြောင်းနှင့် လှုပ်ရှားမှုကို အားဖြစ် အောင်လုပ်ပါ။ ထိတ်လန့်မှုနှငိ့ အားလျော့စေမည့် ပုံများ မဖြန့်ဝေပါနှင့်။ စစ်အုပ်စု၏ ရက်စက်မှုများကို မှတ်တမ်းတင်ရန်မှာ လူထုလှုပ်ရှားမှုအတွက် အရေးကြီးသော်လည်း ကြောက်စိတ် အဆပွါးဖို့ မလိုပါ။
၁၆- ဒလန်များကို ဖေါ်ထုတ်ပါ။ သူတို့အကြောင်းကို အားလုံးကသိပါစေ။ စစ်အုပ်စုထဲမှ သတင်းမရပဲ အကန်းဖြစ်နေအောင် လုပ်ပါ။
၁၇- သွေးစည်းညီညွတ်ရပ်တည်ပေးရေးသည် အရေးကြီးပါသည်။ တနေရာကိုတိုက်ခိုက်ခံရလျင် အားလုံးကို အတိုက်ခံရခြင်း ဖြစ်၍ နေရာတိုင်းမှ တတ်နိုင် သော အကူအညီပေးရပါမည်။

Comments

Popular posts from this blog

20 march 2021

သပိတ်မှာ ဆောင်ရန် ရှောင်ရန်

IP တွေ Google Maps တွေနဲ့ ဝရမ်းတွေထုတ်၊ လိုက်ဖမ်းနေတာ ကြောက်ရမလား။