စမ်းချောင်း ည
မနေ့က ကျွန်းတောလမ်းမှာ ပိတ်မိတဲ့ လူငယ်တစ်ယောက် Friends only နဲ့ရေးတဲ့ စာကို ခွင့်တောင်းပြီး ပြန်ကူးတင်ထားတာပါ။ တစ်ခုခုဖြစ်ရင် စိတ်ဓါတ်တွေကျပြီး အရမ်း panic မဖြစ်ဖိုလည်း လိုပါတယ်။ တစ်ခါတလေကျရင် ကိုယ့်ရဲ့ လွတ်မြောက်လမ်းဟာ ဘာမှမလုပ်ပဲ ငြိမ်ငြိမ်လေးနေလိုက်တာလည်း ဖြစ်နိုင်ပါတယ်။
မနေ့က ကျွန်းတောလမ်းထဲမှာ ပိတ်မိတော့မယ်ဆိုတာကို သိသိချင်း ကျနော် ဖုန်းကို ပိတ်ခဲ့ပါတယ် ။ အဲဒီအတွက် အပြင်ကို အိမ်နေရင်းဝတ်စုံနဲ့ ဝတ်ပြီး ထွက်လာဖို ပြောတဲ့ သူငယ်ချင်းတွေကိုရော၊ ကားနဲ့ လာခေါ်မယ်လို ပြောတဲ့ သူငယ်ချင်းတွေကိုရော တကယ်ကို အားနာရပါတယ်။ လာကူညီမယ်လို ပြောနေကြတဲ့ ဖုန်းနံပါတ်တွေကိုလည်း တစ်ခုမှ အဆက်အသွယ် မလုပ်မိပါဘူး။ ဘေးနားက ကောင်လေးတစ်ယောက် အဆက်အသွယ် လုပ်နေတာ တွေ့ပေမယ့် သူလည်း သေချာရေရာတဲ့ တစ်စုံတစ်ခုကို ဖမ်းဆုပ်မိပုံ မပေါ်ပါဘူး။ ကျနော် လုပ်တာ မှန်လားမှားလား သေချာ မပြောတတ်ပေမယ့် ကျနော် ဖုန်းကို ပိတ်လိုက်ပြီး အိမ်ပိုင်ရှင်အစ်မရဲ့ ထမီခြင်းထဲမှာ ဖွက်ထားလိုက်ပါတယ်။ အဲဒီအခန်းထဲ ပိတ်မိနေကြတဲ့ ဆယ့်ရှစ်ယောက်ထဲမှာ ကျနော်တစ်ယောက်တည်းပဲ ဖုန်းပိတ်ပြီး နေခဲ့ပါတယ် ။
တကယ်တော့ တိုက်ခန်းရဲ့ အခြေအနေကို နားအလည်ဆုံးသူက တိုက်ခန်းပိုင်ရှင်နဲ့ ပိတ်မိနေသူ ကျနော်တိုတွေပါပဲ။ ကျနော် ကံဆိုးတာက ကျနော် ရွေးပြီး ဝင်လိုက်မိတဲ့ တိုက်ဟာ သူတိုတွေ စခန်းချမယ်လို ဆုံးဖြတ်ပြီး ရဲ ရော စစ်သားတွေပါ အမြောက်အများ နေရာယူထားကြတဲ့ နေရာရဲ့ အရှေ့တည့်တည့် တိုက်ဖြစ်နေတာပါပဲ။ နောက်ဖေးလှေကားကနေ ဆင်းမယ်လုပ်တော့လည်း လှေကားတွေက ဟောင်းနွမ်းဆွေးမြေ့နေတဲ့ အပြင် အဲဒီလှေကားကို ဆင်းမယ့် နောက်ဖေးတံခါးကလည်း သံချေးတွေ တက်ပြီး ဖွင့်လိုတောင် မရပါဘူး။ တကယ်လို ခက်ခက်ခဲခဲ ဖွင့်ပြီး ဆင်းမယ်ဆိုရင်တောင်မှ တိုက်အောက်ရောက်ရင် လူစိမ်းကို ထိုးဟောင်မယ့် ခွေးမည်းမည်းကြီးတွေ သုံးကောင်က အဆင်သင့် စောင့်နေပါတယ်။ ထိုးဟောင်းတာနဲ့ သူတောင်းစားတွေက ချက်ချင်းဆိုသလို ရောက်လာပြီး ဖမ်းမိသွားနိုင်တဲ့ အခြေအနေမျိုးပါ။
အဲဒီတော့ ပိတ်မိနေတဲ့ ကျနော်အပါအဝင် ကျန်တဲ့ သူ တော်တော်များများဟာ တိုက်ခန်းထဲမှာပဲ အသံတိတ်ပြီး နေဖို ဆုံးဖြတ်ခဲ့ပါတယ်။ သုံးယောက်ကတော့ လာကူမယ့် ကားကို စောင့်ပြီး ပြန်ဖို လုပ်ပါတယ်။ ဒါပေမဲ့ လာကူမယ့် အဖွဲရဲ့ ခေါင်းဆောင်က မင်းတိုတွေ ဒီလောက် နှိက်နှိက်ချွတ်ချွတ် မေးနေတာ ငါတိုကို မယုံကြည်ရင် လာမခေါ်နဲ့ဆိုတာမျိုးနဲ့ ဆင်တူတဲ့ စကားမျိုး ကြမ်းကြမ်းတမ်းတမ်း ပြောလာခဲ့ပါတယ်။ အဲဒီမှာပဲ အကူအညီတောင်းဖို လှမ်းခေါ်တဲ့ ညီမလေးက လာမခေါ်နဲ့တော့လို ပြောပေမယ့် သူက အဲဒီလူကို တိုက်နံပါတ်ရော သူ့နာမည်ပါ ပြောပြီးသား အခြေအနေ ဖြစ်နေခဲ့တယ်။ ဖုန်းကိုတော့ block လိုက်တယ်လို ပြောပေမယ့် အဲဒီလို အကူအညီတောင်းမိလိုက်တာဟာ အဲဒီတိုက်ခန်းမှာ ပုန်းနေကြတဲ့ သူတွေကို အတော် စိတ်ဒုက္ခရောက်စေတော့တာပါပဲ။
ရှစ်နာရီသံပုံးတီးအပြီးမှာတော့ သူတိုက ဧည့်စာရင်းကို တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်ဆေးမှာ ဖြစ်ပြီး အိမ်ရှင်တွေက ကြည်ကြည်ဖြူဖြူ တံခါးဖွင့်ပေးဖိုနဲ့ မဖွင့်ပေးရင် အိမ်ရှင်တွေကိုပါ ဖမ်းဆီးမှာဖြစ်ကြောင်း ရဲကားကြီးနဲ့ လမ်းတစ်လျှောက် လိုက်ကြေငြာပါတယ်။ အဲဒီမှာ အိမ်ရှင်အစ်မက သူ ဧည့်စာရင်းမတိုင်ထားဘူး ဘယ်လိုလုပ်မလဲဆိုပြီး စပြီး စိတ်ပူလာပါတယ်။ အဲဒီမှာ ကျနော်နဲ့ တခြားအစ်ကိုတစ်ယောက်က ဒါဟာ တမင်သက်သက် လိုက်ခြောက်လှန့်နေတယ်ဆိုတာရယ် အစ်မ တံခါးကိုပဲ စိတ်ချရအောင် ပိတ်ထားပြီး ဘယ်လိုအကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ် တံခါးကို လုံးဝ ဖွင်မပေးနဲ့ဆိုတာရယ် ပြောပြီး နားချကြည့်တော့ အိမ်ရှင်အစ်မက တကယ်ကို အသာတကြည်နဲ့ လက်ခံခဲ့ပါတယ်။ ပြီးတော့ ဧည့်ခန်းမှာ ရှိတဲ့ ဆိုဖာထိုင်ခုံ သုံးလုံးကို တံခါးနား ရွှေ့ပြီး ရဲတွေ ဘယ်လိုမှ တွန်းဖွင့်လို မရနိုင်အောင် ခုခံထားလိုက်ပါတယ် ။ ပြီးတော့ ဧည့်ခန်းမှာ ဘယ်သူ့ကိုမှ မနေစေတော့ဘဲ အိမ်အလယ်နားလောက်မှာ ရှိတဲ့ အိပ်ခန်းလေးထဲ အိမ်ရှင်နှစ်ယောက်အပါအဝင် စုစုပေါင်း အယောက်နှစ်ဆယ်လုံး အစုလိုက်အပြုံလိုက် ထိုင်နေလိုက်ကြတယ်။ စကားသံဆိုတာ ဝေးလို အသက်တောင် ပြင်းပြင်း မရှူရဲခဲ့ကြဘူး။ မီးကိုလည်း ညနေစောင်းကတည်းက လုံးဝ မဖွင့်တော့ဘဲ အမှောင်ထဲမှာပဲ နေခဲ့ကြတယ်။
ပိစိ, [09.03.21 18:51]
ညကိုးနာရီလောက်မှာတော့ ခုနက လာကယ်မယ်ဆိုတဲ့ သူဟာ ရဲတွေ စစ်သားတွေ အများကြီး နေရာယူထားတဲ့ တိုက်ခန်းအရှေ့နားလောက်ကနေ ခုနက အကူအညီတောင်းထားတဲ့ ညီမလေးနာမည်ကို အော်ခေါ်ပါတော့တယ်။ နောက်တော့ အပေါ်အထိပါ တက်လာပြီး အထပ်တိုင်းက အခန်းတစ်ခုချင်းစီကို တံခါးလိုက်ခေါက်ရင်း အကူအညီတောင်းတုန်းက တောင်းပြီး အခုတော့ ဘယ်မှာပုန်းနေလဲဆိုပြီး အော်ကြီးဟစ်ကျယ် ဆဲဆိုပါတယ်။ တိုက်ခန်းနံပါတ်ကို သိပေမယ့် အဲဒီညီမလေးက ဘယ်နှလွှာဆိုတာကို မပြောခဲ့တော့ သူ ဘယ်နှလွှာမှာ ရှာရမယ်မှန်း သေချာတော့ သိပုံ မရခဲ့ဘူး။ ကျနော်တို ပုန်းနေတဲ့ အခန်းရှေ့မှာတောင် ငါးမိနစ်လောက် တောက်လျှောက် တံခါးခေါက်နေပြီးမှ အပေါ်ထပ် တက်သွားခဲ့တာပါ။ ကျနော်ကတော့ ညဆယ်နာရီလောက်မှာ ဖုန်းကို တစ်ခါ ဖွင့်ကြည့်ပြီး အိမ်က အမေရယ် အတူ ဆန္ဒပြတဲ့ သူငယ်ချင်းရယ် တခြားရင်းနှီးတဲ့ သူတစ်ချိုကို စိတ်မပူဖို ပြောပြီး ဖုန်းကို ပြန်ပိတ်ခဲ့ပါတယ်။
တကယ်ကို ကြောက်စရာအကောင်းဆုံးအချိန်က ညဆယ့်နှစ်နာရီကျော်မှာ စတင်ခဲ့ပါတယ်။ ဆန္ဒပြတဲ့ နေရာ အစနားလောက်မှာ ရှိတဲ့ တိုက်ခန်းထဲမှာ ပုန်းနေသူတွေ ခပ်များများ ရှိမယ်ဆိုတာကို သိတော့ သေသေချာချာကို အချိန်ပေးပြီး ရှာပါတော့တယ်။ ကျနော် ပုန်းခိုနေခဲ့တဲ့ တိုက်ခန်းက မြေညီထပ်မှာက ဆိုင်ခန်း၊ ပထမထပ်မှာက ရုံးခန်းတွေဆိုတော့ ဒုတိယထပ် လူနေအခန်းတွေ စရှိတဲ့ ကျနော်တို အခန်းကနေပြီး စရှာပါတော့တယ်။ အသံကျယ်ကြီးတွေနဲ့ တံခါးကို အတင်း ဖွင့်ခိုင်းပြီး အချိန်တစ်ခု ကြာတဲ့ အထိ အထဲက ဘယ်လိုတုံပြန်သံမျိုးမှ မကြားရတော့ မာကျောတဲ့ အရာတစ်ခုခုနဲ့ တံခါးကို စတင်ထုရိုက်ပါတော့တယ်။ သံပန်းတစ်ခါးကို ခြေထောက်နဲ ကန်တဲ့ အသံမျိုးလည်း အတိုင်းသား ကြားရသလို သေနတ်ဒင်လို ဟာမျိုးနဲ့ ပင်မတံခါးချပ်ကို ထုရိုက်တာမျိုးလည်း အကြိမ်မရေတွက်နိုင်အောင် လုပ်ခဲ့တယ်။ ကျနော်တို ပုန်းနေတဲ့ တိုက်ခမ်းရှေ့မှာတင် မိနစ်နှစ်ဆယ်လောက် ကြာနေပြီး ဖွင့်မပေးလိုဆိုပြီး အိမ်ရှင်ကိုလည်း ဆဲရေးနေပါသေးတယ်။ တံခါးကို ထုတယ်ရိုက်တယ်ဆိုတာ တကယ်ကို ကမ္ဘာပျက်မတတ်ပါပဲ။ အိမ်ရှင်အစ်မက ဘယ်လိုမှ မခံနိုင်တော့တဲ့ အဆုံး သော့တွဲတွေ ဆွဲယူပြီး ဖွင့်ပေးမယ်လုပ်တော့ ကျနော်နဲ့ တခြားတစ်ကိုတစ်ယောက်မှာ အတင်း ဖျောင်းဖျခဲ့ရတယ်။ ကျနော်တိုကို ကယ်ပါ အစ်မရယ်၊ ကျနော်တို ထောင်မကျချင်ဘူးဆိုပြီး ကျောကုန်းကို ပုတ်လိုက်၊ လက်ကလေးကိုင်လိုက် နားချတော့မှ ငြိမ်ကျသွားခဲ့တာ။ အဲဒီအိမ်ရှင်အစ်မရဲ့ ခန္ဓာကိုယ်သေးသေးလေးဆိုတာ တဆတ်ဆတ်ကို တုန်ယင်လို။ မနည်း အားတင်းပြီး နေနေရတယ်ဆိုတာ သိသာတယ်။ မိနစ်နှစ်ဆယ်လောက် တံခါးကို ထုရိုက်ပြီးတော့ သူတိုလက်လျှော့သွားဟန်နဲ့ အပေါ်ထပ်ကို ဆက်တက်သွားကြတယ်။
အရှည်လျားဆုံး ညတစ်ညပါပဲ။ အတူ ပုန်းအောင်းနေရတဲ့ သူတွေထဲ တစ်ချိုတစ်လေ အိပ်ပျော်သွားကြပေမယ့် ကျနော်ကတော့ အိပ်မပျော်တဲ့ သူ စာရင်းထဲ ပါခဲ့တယ်။ ငါ အိပ်ပျော်နေတုန်း ဘာများဖြစ်သွားဦးမလဲဆိုတဲ့ စိတ်က တော်တော်လေးကို ဖိစီးပါတယ်။ အဲဒီတစ်ကြိမ် လာစစ်ပြီး နောက်ထပ် ဘယ်သူမှ ထပ်မလာတော့ပေမယ့် ဘယ်သူမှ တုပ်တုပ် မလှုပ်ရဲကြဘူး။ ယုတ်စွအဆုံး ရေဆွဲချသံ ကြားရမှာစိုးလို အိမ်သာတောင် မတက်ရဲခဲ့ကြဘူး။ ညသုံးနာရီခွဲလောက်ကျတော့ သူတိုတွေ ထွက်သွားပြီဆိုတာနဲ့ ကျနော်တိုလည်း ပြန်ထွက်လာခဲ့ကြတယ်။ လမ်းပေါ်မှာ မုန့်ဝေပေးတဲ့ သူတွေတောင် တစ်ချို ရှိနေခဲ့ကြတယ်။
မနေ့ညက အဖြစ်အပျက်မှာ ကျေးဇူးအတင်ရဆုံးကတော့ တိုက်ခန်းပိုင်ရှင် ရှမ်းအမျိူးသမီးလေး နှစ်ဦးပါပဲ။ ပိတ်မိနေတယ်လို မသိရသေးခင် အချိန်တွေကတည်းက ကျနော်တိုကို လက်ဖက်သုပ်ကျွေးလိုက် ဘီယာထုတ်တိုက်လိုက် လုပ်ပေးနေခဲ့တာပါ။ တကယ် ပိတ်မိပြီဆိုတော့လည်း ပြန်ထွက်သွားဖိုကို တစ်ခွန်းမှ မဟတဲ့ အပြင် အားလုံး စည်းစည်းရုံးရုံးနဲ့ ရင်ဆိုင်ကြမယ်လိုတောင် ဆိုပါသေးတယ်။ ကျနော့်ကိုလည်း သူ့ရဲ့ ညဝတ်အင်္ကျီပန်းရောင်ဝမ်းဆက်လေး ပေးဝတ်ပါတယ်။ သူ့မှာ ရှိသမျှ spray ဗူးတွေ အကုန်လုံး အဆင်သင့်ထားပေးထားသလို သူ့အိမ်ထဲမှာ ရှိတဲ့ ဓားတွေကိုလည်း အားလုံး မြင်အောင် ပြထားပေးပါတယ်။ တံခါးကို လာထုရိုက်တဲ့ အချိန်မှာ အနည်းငယ် ပြိုလဲသွားတာက လွဲလို အိမ်ပိုင်ရှင် အမျိုးသမီးဟာ တကယ်ကို အိမ်ရှင်ကောင်းတစ်ယောက် ဖြစ်ခဲ့ပါတယ်။ အိမ်ရှင်ကောင်းဆိုတာထက်တောင် ပိုခဲ့ပါတယ်။ သူ့ပန်းရောင် ညဝတ်အင်္ကျီလည်း အယောင်ယောင်အမှားမှားနဲ့ မချွတ်ဘဲ ဝတ်လာခဲ့မိတာမို အဲဒီဝတ်စုံက ပြန်သွားပေးတဲ့ အခါ သူ့ကို ထိုင်ကန်တော့လိုက်ဖို စဉ်းစားထားပါတယ်။
ပိစိ, [09.03.21 18:51]
မနေ့က ကိစ္စမှာ အအံ့ဩရဆုံးက ကိုယ့်ကိုယ်ကိုယ်ပါပဲ။ ဒီလောက် ကြောက်တတ်၊ ထစ်ခနဲရှိ ငိုတတ်တဲ့ သူဟာ မနေ့ကတော့ ထူးထူးခြားခြား တည်ငြိမ်နေခဲ့ပါတယ်။ တည်ငြိမ်အောင် ကြိုးစားခဲ့တာကြောင့်လည်း ပါပါတယ်။ အတူတူ ဆန္ဒသွားပြပြီး ပြေးတဲ့ အချိန်မှာ လွတ်သွားတဲ့ သူငယ်ချင်းက ကျနော့်ကို ပူပန်ပြီး ဖုန်းဆက်တော့ တည်ငြိမ်အေးဆေးနေတဲ့ ကျနော့်အသံကို နားထောင်ပြီး အရမ်း စိတ်တိုတာပဲဆိုပြီး မနက်ကျတော့ ဝန်ခံပါတယ်။ သူ့မှာတော့ ဘာလုပ်ပေးလို လုပ်ရမှန်း မသိဘဲ ပြာယာခတ်နေချိန်မှာ ကျနော်က ဒီည ဒီမှာပဲ အိပ်တော့မယ်ဆိုပြီး ဆုံးဖြတ်ချက် ခိုင်မာနေတဲ့ အတွက်ကြောင့်ပါတဲ့။ တကယ်လို ရဲတွေသာ အထဲကို ဝင်လာနိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ စိုးရိမ်မှုမျိုး ရှိခဲ့ပေမယ့် နယ်ကနေ စိတ်ပူနေတဲ့ အမေ့ကိုလည်း ဝမ်းနည်းမှုတွေကို ထိန်းချုပ်ပြီး စိတ်မပူပန်ဖို အတည်ငြိမ်ဆုံးပြောနိုင်ခဲ့တယ်။ ဘာတွေက ကျနော့်ကို တည်ငြိမ်နေနိုင်အောင် ပြုလုပ်ထားသလဲ မသိပေမယ့် အန္တရာယ်နဲ့ ရင်ဆိုင်တွေ့ရတဲ့ အခါ ပျာယာခတ်မသွားဘဲ အေးအေးဆေးဆေး ဖြေရှင်းဖို ကြိုးစားတဲ့ ကိုယ့်ကိုယ့်ကိုယ်တော့ ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် သဘောကျချင်သလိုလို ဖြစ်ခဲ့ပါတယ်။
ဒီလိုမျိုး မှောင်မှောင်မဲမဲ တိတ်ဆိတ်တဲ့ ညသန်းခေါင်ကျော်ကြီးမှာ အန္တရာယ်တစ်ခုအတွက် ပုန်းအောင်းနေရတဲ့ ဘဝမျိုးတော့ ဘယ်တော့မှ ထပ်မဖြစ်ချင်ပါဘူး။ ပြန်လည်း တွေးမကြည့်ချင်သလို ပြန်လည်း မပြောချင်တော့ပါဘူး။ ဒီလိုမျိုး ပြည်သူတွေ စိတ်ဒုက္ခရောက်ပြီး မကူနိုင်မကယ်နိုင် ဖြစ်အောင် လုပ်တဲ့ ဒီသောက်သုံးမကျတဲ့ စစ်တပ်ကိုလည်း ပိုပိုပြီးလိုတောင် ရွံရှာမုန်းတီးလာပါသေးတယ်။ ဘယ်လိုပုံစံမျိုးနဲ့ပဲ ဖြစ်ဖြစ် ဆန္ဒပြပွဲတွေဟာ နေရာတိုင်း ဒေသတိုင်းမှာ ဆက်ရှိနေဖို လိုတယ် ထင်ပါတယ်။ ဆက်ရှိနေမှလည်း ရပါမယ်။ မဟုတ်ရင်တော့ ကျနော်တို အခု ရင်ဆိုင်နေရတဲ့ အမှောင်ထုဟာ ကျနော်တိုကို ဝါးမြိုသွားနိုင်တာရယ်ကြောင့်ပါ။ မတရားမှုတွေ ရှိနေသရွေ့ တော်လှန်ရေးတွေ အဓွန့်ရှည်နေပါစေ။
#RevolutionMustWin
Comments
Post a Comment