ဆန္ဒပြပွဲတွေ ရပ်လိုက်ရင်

 သမိုင်းတလျှောက်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဟာ စစ်တပ်ကို ဘာလို့အနိုင်မတိုက်နိုင်လဲဆိုရင် အဓိက အချက်(၃)ချက်ကြောင့်ပဲ။

၁) တပ်က လူများစုဖြစ်တဲ့ မြန်မာလူထုရဲ့ထောက်ခံမှုကို အတိုင်းအတာ တခုအထိရခဲ့တယ်။
၂) တပ်က နိုင်ငံရဲ့ ဘဏ္ဍာငွေတွေကို ခွစီးပြီးတော့ စစ်တိုက်နိုင်တယ်။
၃) အင်အားကောင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ တဖွဲ့ နဲ့တဖွဲ့ပေါင်းပြီးတပ်ကို မတိုက်နိုင်ဘူး။
၁) ဥပမာပြည်တွင်းစစ်အစောပိုင်းကာလကိုကြည့်။ကေအန်ယူဟာအင်း စိန်ထိ သိမ်းနိုင်ခဲ့ပေမယ့် လူများစုဖြစ်တဲ့ ဗမာလူထုရဲ့ထောက်ခံမှုကို ဖ ဆပလအစိုးရက ရထားတဲ့အတွက် အသာပြန်ရခဲ့တယ်။
၂) တပ်ဟာ တိုင်းပြည်ဘဏ္ဍာကို ခွထိုင်ပြီး စစ်တိုက်နေတော့ အဘက် ဘက်က အသာရတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေခမျာ ကျည် ကို ခြွေပစ်နေရပေမယ့် တပ်ဟာ လက်နက်ကြီးတွေကို ဖွာလန်ကြဲအောင် ပစ်နိုင်တယ်။ အခုဆိုလေယာဥ်ပါသုံးနိုင်တာပေါ့။
၃) အလံနီ၊ အလံဖြူ၊ ရဲဘော်ဖြူ သုံးပါတီခေတ်ကစလို့ အစိုးရနဲ့တိုက် နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ တပ်ပေါင်းစုတွေဖွဲ့ခဲ့ကြပေမယ့်ခိုင် ခိုင်မာမာမဖွဲ့နိုင်ခဲ့ကြဘူး။ ဒီလိုနဲ့ပဲ တပ်ပေါင်းစုတွေပျက်ခဲ့ကြတယ်။
အခုဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အချို့(အထူးသဖြင့်ကေအန်ယူ ပေါ့၊ KIA ကတော့ ရှမ်းမြောက်က တပ်မဟာ ၆ပေါ့)က တိုက်ပွဲတွေ ဖော်လာတာကို တွေ့ရတယ်။ ဒီတိုက်ပွဲတွေက ဘယ်လောက်အထိ တာ သွားမလဲ၊ ဘယ်လောက်အထိ အောင်မြင်မလဲဆိုတာ စဥ်းစားစရာရှိ တယ်။ အဲ့လိုပဲ ဖက်ဒရယ်တပ်မတော် အသံတွေလဲ ကြားလာရတယ်။ ဖက်ဒရယ်တပ်မတော်ကရော ဘယ်လောက်အထိ အလုပ်ဖြစ်မလဲဆို တာစဥ်းစားရမယ်။ နောက်တခုက လူငယ်တွေ၊ ဖက်ဒရယ်တပ်မတော် နဲ့ပြည်သူ့တပ်မတော်မှာ တာ၀န်ထမ်းဖို့ဆိုတာတွေပြောလာတယ်။ တချို့ စာရင်းပေးလို့ရပြီဆိုပြီး အတုတွေတင်တာတွေ့ရတယ်။ ဒါကရောဘယ် လိုလုပ်သင့်လဲဆိုတာ စဥ်းစားစရာရှိတယ်။ ဒါကြောင့် ဒီစာကိုရေးရတာ ပါ။
၁) ပထမဆုံကတော့တိုင်းရင်းသားတပ်တွေပါ။ သူတို့အခက်အခဲက ခု ချိန်ထိ အားလုံးအတူတူ တပ်ကိုတိုက်မယ်လို့ဆုံးဖြတ်တာမရှိသေးဘူး။ အဲ့လိုဖြစ်ဖို့လဲခက်တယ်။ အဲ့တော့ သူတို့မှာ စတိုက်တဲ့သူက အမိုက်ခံ ရတယ်။ အခုကေအန်ယူစတိုက်ပြီဆို ကေအန်ယူက အမိုက်ခံရတယ်။ ဘာလို့လဲဆိုတော့ သူစတိုက်ရင် သူ့လူမျိုးရွာတွေနာမယ်။ အဖိခံရမယ်။ အခုတောင် စစ်ပြေးနေရပြီ။ ဖက်ဒရယ်ပြည်ထောင်စုဖြစ်စေချင်လွန်းလို့ သာ အမိုက်ခံရတာ။ နောက်ပြီး တခြားသူမပါဘဲ သူတို့ချည်းပဲတိုက်ရင် သူတို့မှာ လှိမ့်ပိန့်နေအောင်ခံရတယ်။ ၉၃ မှာ ကချင်(ကေအိုင်အေ)က အစိုးရနဲ့အပစ်ရပ်တော့ ကေအန်ယူအသည်းကွဲဖူးတယ်။ တချို့ခေါင်း ဆောင်တွေဆို မျက်ရည်ပါကျကြတယ်။ အဲ့တော့ တဖွဲ့တည်း တိုက်ရင် အတော့်ကိုစွန့်တိုက်ရတာ။ ကိုယ့်လူထု၊ ကိုယ့်အင်အား၊ ကိုယ့်အနေအ ထားအကုန်လုံးကိုချိန်တိုက်ရတာ။ အခု ကေအန်ယူက တိုက်ပွဲဖော်နေ ပေမယ့် ဆန္ဒပြမှုတွေအပေါ်ဖိနေတာကို လျှော့သွားအောင်သာ အဓိက ရည်ရွယ်ထားပုံပဲ။ အဲ့ဒါကြောင့်မို့လဲ အကန့်အသတ်စစ်ဆင်မယ်လို့ပြော နေတာ။ အင်ပြည့်အားပြည့်စစ်ဆင်ရေးဖော်လို့မရသေးဘူး။
၂) အင်ပြည့်အားပြည့်စစ်ဆင်ဖို့ဆို တခြားတိုင်းရင်းသားတပ်တွေပါ စုံ တိုက်မှ အဆင်ပြေမယ်။ အဲ့လိုစုံတိုက်ဖို့ဆိုရင်
- ပေါင်းစပ်ညှိနှိုင်းမှုလိုတယ်။
- နိုင်ငံရေးပန်းတိုင်လိုတယ်။
- ငွေကြေးလိုတယ်။
- ပြည်သူအားလုံးရဲ့ထောက်ခံမှုလိုတယ်။
- နိုင်ငံတကာအထောက်အကူလိုတယ်။
- စစ်ဖြစ်တဲ့ဒေသက စစ်ဘေးဒဏ်ခံပြည်သူတွေအတွက် အကူအပံ့တွေ လိုတယ်။
- ပြည်မက လူထုရဲ့ နိုင်ငံရေးဖိအားလဲလိုတယ်။
# ပေါင်းစပ်ညှိနှိုင်းမှုနဲ့ နိုင်ငံရေးပန်းတိုင်က CRPH က ဖော်ဆောင် ပေးဖို့လိုတယ်။ နိုင်ငံရေးပန်းတိုင်ကတော့ ဒီမိုကရေ စီဖက်ဒရယ် ပြည် ထောင်စုပဲ။ ဒါကို ဘယ်လိုဖော်ဆောင်မလဲဆိုတာ CRPH မှာ မူ ခိုင် ခိုင်မာမာရှိရမယ်။
# ဒီနေရာမှာ ဖက်ဒရယ်တပ်မတော်ဆိုပြီး အတင်းဖွဲ့၊ အားလုံးပါရမယ် ဆိုတာမျိုးမလုပ်သင့်ဘူးလို့မြင်တယ်။ နှောင့်နှေးသွားနိုင်ပါတယ်။ အခု အချိန် အဖွဲ့တော်တော်များများက ဖက်ဒရယ်တပ်မတော်အတွက်ကို အ သင့်မဖြစ်သေးဘူး။ ဒီတော့သဘောထားညီတဲ့အဖွဲ့ တွေနဲ့ဆွေးနွေး၊ မူချ၊ ပေါင်းစပ်ညှ်နှိုင်း၊ တိုက်ပွဲဖော်၊ မူကို မပါသေးတဲ့တခြားအဖွဲ့တွေကိုပါ ချ ပြ၊ ပူးပေါင်းပါ၀င်ဖို့ဖိတ်ခေါ်၊ ဒီပုံစံနဲ့သွားဖို့လိုပါတယ်။
# ပြည်သူတရပ်လုံးရဲ့ထောက်ခံမှုအားကတော့ အခုအချိန်မှာ ပြောစရာ မလိုအောင်ပါပဲ။ ဒါကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း သိ ကြပါတယ်။ ပြောရရင် ဒါဟာ သမိုင်းမှာမကြုံစဖူးတဲ့ အခွင့်အရေးပါ။ အရင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဗမာတွေက မထောက် ခံကြသလို၊ နားလည်မှုလည်းမရှိကြပါဘူး။ တိုင်းရင်းသားတွေရဲ့ ဒုက္ခ တွေကို စာနာဖို့ဆိုရင် ဝေးလှပါတယ်။ အခုတော့ ဗမာလူထုကြီးဟာ ဖက် ဒရယ်စိတ်ဓာတ်(spirit of federalism)ပေါ်လာပါပြီ။ ဒါဟာ အ ခွင့်အလန်းကောင်းပါပဲ။
# တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအတွက် ငွေကြေးကတော့ လိုပါ တယ်။ ဒါကို ပြည်သူလူထုတရပ်လုံးက ဒါဟာ ငါတို့ တပ်ဆိုပြီး ထောက် ပံ့ပေးနိုင်ဖို့လိုပါတယ်။ ရခိုင်မှာတုန်းကဆိုရင် AA ကို ခေါင်းရွက်ဗြက် ထိုးစျေးသည်တွေကအစ ရန်ပုံငွေထည့်ကြတာတွေ့ဖူးပါတယ်။ AA ရဲ့ အောင်မြင်မှုဟာလူထုရဲ့ အကူအပံ့ဟာ အင်မတန်အရေးပါပါတယ်။
# နိုင်ငံတကာအထောက်အကူကတော့ CRPH ၊ ပြည်သူလူထု၊ အဝေး ရောက်မြန်မာတွေ၊ သံတမန်နည်းလမ်းတွေကသွားရမှာပါ။ အားလုံးအား ကြိုးမာန်တက်လုပ်ကြရင် ခရီးပေါက်မှာပါ။ အဲ့လိုပါပဲ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေတိုက်ပွဲဖော်ရင် အဲ့ဒေသက စစ်ဘေးဒဏ်ခံပြည် သူတွေဖြစ်လာမှာပါ။ သူတို့ကိုလည်း ကိုယ့်တသွေးတည်းတသားတည်း လို အထောက်အကူပြုဖေးမဖို့လိုပါတယ်။
# နောက်ဆုံးအချက်ကတော့ အရေးအကြီးဆုံးပါပဲ။ ပြည်မက လူငယ် တွေတက်ကြွလှုပ်ရှားသူတွေ ပြည်မက လူထူတိုက်ပွဲကို ဆက်ဆင်နွှဲရမှာ ပါ။ လူထူတိုက်ပွဲတွေအရှိန်လျော့သွားလို့မရပါဘူး။ စစ်အုပ်စုလိုချင်တာ က ပြည်မကလူငယ်တွေ၊ တက်ကြွလှုပ်ရှားသူတွေကို မြို့တွေပေါ်ကဖယ် ထုတ်ချင်နေတာပါ။ အဲ့ဒါဆိုရင် မြို့တွေကို ပိပြားအောင်သူထိန်းလို့ရပါ ပြီ။ တောထဲရောက်ရင်တော့ ထိုးစစ်နဲ့ သူထိန်းပါလိမ့်မယ်။ နောက်ပြီး စစ်ရေးအတွေ့အကြုံမရှိသေးသူတွေ တောထဲရောက်ရင်လည်း စစ်ပညာ သင်ရတာကစလို့ အစစအရာရာမှာ လက်နက်ကိုင်တွေအတွက် အလုပ်ပို ပါတယ်။ ဒီတော့ ကျနော့်အမြင်နဲ့ အေဘီအတွေ့အကြုံအရ မြို့ပေါ်မှာ စစ်အာဏာရှင်ကို ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်နေကြတဲ့လူငယ်တွေမြို့ကို မစွန့်သင့် ပါဘူး။ မြို့ပြလူထုတိုက်ပွဲကို အင်ပြည့်အားပြည့်နဲ့ဆက်ဖော်ရမှာပါ။
# စစ်အုပ်စုကြောက်တာက စစ်မျက်နှာနှစ်ခုဖွင့်ရတာပါပဲ။ ၁၉၉၂ တုန်း က ကေအန်ယူကိုအတင်းထိုးစစ်ဆင်နေတဲ့ ကစထမှူးကို ထိုးစစ်ရပ်ခိုင်း တာမရပ်လို့ ဗိုလ်သန်းရွှေ ကိုယ်တိုင်ဆင်းလာပြီး ဆူပါတယ်။ ပြည်တွင်း မှာ နိုင်ငံရေးနဲ့ တဖက်မှာ လက်နက်ကိုင်တိုက်ပွဲ နှစ်ခုလုံးမဖော်ဖို့အတွက် ရပ်ခိုင်းတာပါ။ အဲ့တော့လူထုတိုက်ပွဲကလဲ အရှိန်သေလို့မရပါဘူး။ တ ဖက်က လက်နက်ကိုင်တိုက်ပွဲကလည်း အားကောင်းဖို့လိုပါတယ်။ ဒါကို သတိချပ်စေလိုပါတယ်။
အရေးတော်ပုံအောင်ရမည်။

Comments

Popular posts from this blog

Crisis မှာ သုံးဖို့ ဆေးပညာ အခြေခံများ

PSLF/TNLA - တအာင်းပလောင်လက်နက်ကိုင်တပ်ဖွဲ့

SSPP/SSA ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့