အာရှမှာကျော်ကြားစပြုလာတဲ့ #MilkTeaAlliance


ဒီအဖွဲ့က ခုတလောလေးမှ နာမည်ကြီးလာတဲ့ အင်တာနက်၊ အထူးသဖြင့် တွစ်တာ(Twitter) ပေါ်က သွေးသောက်အဖွဲ့လေးပေါ့။
ထိုင်း၊ ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ မြန်မာပြည်ပါတယ်။ အားလုံးမှာတူညီတဲ့အချက်က ဗိုလ်ကျချင်တဲ့ တရုတ်ပြည်ကိုမကျေနပ်ကြတဲ့ လူငယ်တွေနဲ့ဖွဲ့စည်းထားတာပါပဲ။
“Milk tea မဟာမိတ်အဖွဲ့” လို့အဓိပ္ပါယ်ရတဲ့အဖွဲ့လေးက နိုင်ငံအားလုံးမှာ တူညီတဲ့ လဖက်ရည်ကိုနို့နဲ့ဖျော်သောက်တဲ့ ဓလေ့လေးကိုအခြေခံအဖြစ်ယူထားတယ်။ တစ်ခါတလေ အိန္ဒိယနိုင်ငံကလဲ မဟာမိတ်အဖွဲ့မှာပါလာလေ့ရှိတယ်။ လဖက်ရည်ကို နို့မထည့်ပဲသောက်တတ်တဲ့ ကွန်မြူနစ်တရုတ်ပြည်ကတော့ ဒီမိုကရေစီမြတ်နိုးတဲ့လူငယ်တွေနဲ့ဖွဲ့ထားတဲ့ Milk Teaမဟာမိတ်တွေရဲ့ ဘုံရန်သူပေါ့။
Milk Tea Alliance အဖွဲ့စပေါ်လာပုံလေးကဒီလို။
ဧပရယ် ၂၀၂၀ မှာ ထိုင်းရော၊ တရုတ်မှာပါလူကြိုက်များတဲ့ ထိုင်းတီဗွီဇာတ်လမ်းတွဲ 2gether ရဲ့မင်းသား ဘရိုက် ဝါရှီရာဝစ် ရှီဗာအာရီ (Bright Vachirawit Chivaaree) က တွစ်တာမှာ ပုံတစ်ပုံတင်ပြီးဟောင်ကောင်ကို ‘နိုင်ငံ’ လို့ခေါ်လိုက်မိရာကစတယ်။ ဟောင်ကောင်ဟာ နိုင်ငံတစ်ခုမဟုတ်ပဲ သူတို့တရုတ်ပြည်လက်အောက်ခံနေရာတစ်ခုအဖြစ်သာလက်ခံထားလို့ ဘရိုက်ရဲ့ ‘ဟောင်ကောင်နိုင်ငံ’ ဆိုတဲ့အသုံးအနှုန်းကိုမကျေမနပ်ဖြစ်သွားတဲ့ တရုတ်နိုင်ငံသား netizen (အင်တာနက်သုံးစွဲသူ) တွေက သူ့ကိုဝိုင်းတိုက်ခိုက်ကြပြီး သူ့ဇာတ်လမ်းတွေကို သပိတ်မှောက်ဖို့လှုံ့ဆော်ကြတယ်။ ဒါနဲ့ပဲ ဘရိုက်အနေနဲ့ ပုံကိုပြန်ဖြုတ်ချပြီးတောင်းပန်လိုက်ရတယ်။
ဒါပေမဲ့ သိပ်မကြာခင်မှာ တရုတ်တွေက ဘရိုက်ရဲ့ချစ်သူ ထိုင်းမော်ဒယ် ဝီရာယ (Weeraya) ၂၀၁၇တုန်းကတင်ထားခဲ့တဲ့ ‘ထိုင်ဝမ်ကလွတ်လပ်တဲဲ့အချုပ်အခြာပိုင်နိုင်ငံ ဖြစ်တယ်’ ဆိုတဲ့ စာကိုတွေ့သွားပြီး ပြန်ဆူပွက်လာကြပြန်တယ်။ ဘရိုက်ကိုရော ထိုင်းနိုင်ငံ ဘုရင်နဲ့ဝန်ကြီးချုပ်ကိုပါ ဝေဖန်တိုက်ခိုက်ကြရာက ထိုင်း netizen တွေနဲ့ တရုတ် Netizen တွေကြားမှာ လေလှိုင်းစစ်ပွဲအကြီးအကျယ်ဖြစ်ပြီး ထိုင်းနိုင်ငံဆိုင်ရာတရုတ်သံရုံးကပါ ဖေ့စ်ဘွတ်မှာ စာရှည်ကြီးထုတ်ရတဲ့အဖြစ်ရောက်သွားတယ်။
နောက်တော့ ဟောင်ကောင်နဲ့ထိုင်ဝမ်က ဒီမိုကရေစီလိုလားသူ လူငယ်တွေပါ ထိုင်းဘက်ကဝင်လာပြီး တရုတ်ပြည်နဲ့တွစ်တာစစ်ပွဲကြီးဖြစ်တော့တာပါပဲ။ အဲဒီတုန်းက သူတို့သုံးတဲ့ Hashtag က #nnevvy တဲ့။
ဒီလိုနဲ့ တရုတ်ဆန့်ကျင်တဲ့ ဒီမိုကရေစီလိုလားတဲ့ထိုင်း၊ ဟောင်ကောင်၊ ထိုင်ဝမ်နိုင်ငံကလူငယ်တွေက ရေမြေတွေခြားပေမဲ့ MilkTea ကြိုက်ကြတာချင်းတယ်ဆိုတဲ့အချက်လေးကိုယူပြီး Milk Tea Alliance အနေနဲ့စည်းလုံးစုစည်းသွားကြတယ်။
မြန်မာနိုင်ငံကတော့ ၂၀၂၁ ဖေဖော်ဝါရီလရောက်မှ စစ်တပ်အာဏာသိမ်းချိန်မှာ Royal Myanmar Teamix ပုံတွေကို အကြိမ်ပေါင်း ထောင်ပေါင်းများစွာရှဲပြီး Mill Tea Alliance ကိုဝင်လာတယ်။
နိုင်ငံပေါင်းစုံက ရည်မှန်းချက်တူတဲ့လူငယ်တွေ စုစုစည်းစည်းနဲ့ အင်တာနက်ပေါ်မှာ တစ်ဦးအရေးကို တစ်ဦးကူညီကြတာပေါ့။
ထိုင်းနိုင်ငံက အနုပညာရှင် သီနာ ဝတ္တရဝီရော့ (Sina Wittayawiroj) ရဲ့ ထိုင်း၊ထိုင်ဝမ်၊အိန္ဒိယ၊ဟောင်ကောင်နဲ့ မြန်မာကလဖက်ရည်တွေကို ကိုယ်စားပြုဆွဲထားတဲ့ ‘Milk Tea Alliance’ လို့နာမည်ပေးထားတဲ့ ပုံလေးက အင်တာနက်မှာအထူးပျံ့နှံ့သွားရာကနေ Milk Tea Alliance လေးအကြောင်းကို လူတွေပိုသိလာကြတယ်။
ဒီမိုကရေစီလိုလားတဲ့ လူငယ်လေးတွေရဲ့ အင်တာနက်ပေါ်က စုစည်းညီညွတ်မှုလေးတစ်ခုပါပဲ။
Illustration: Sina Wittayawiroj
မောင်ဇိ

Comments

Popular posts from this blog

20 march 2021

သပိတ်မှာ ဆောင်ရန် ရှောင်ရန်

IP တွေ Google Maps တွေနဲ့ ဝရမ်းတွေထုတ်၊ လိုက်ဖမ်းနေတာ ကြောက်ရမလား။