Facebook မှာ post တင်တဲ့ အခါ

ကမ္ဘာလုံးပုံကြီးနဲ့ ကိုယ်ဘယ်နားပုန်းနေမှန်း သိသာစေတဲ့ဓာတ်ပုံတွေနဲ့
ဟောဒီမှာပိတ်မိနေပါတယ် လို့ မလုပ်ကြပါနဲ့။ အင်တာနက်ကြီးသည် ဘုရားသခင်မဟုတ်ပါ။ သင့်ကိုဘယ်သူမှ အက်ရှင်ကားကြည့်သလို ပေါက်ပေါက်စားကြည့်နေတာ မဟုတ်ပါ။ မိမိနှင့် ယုံကြည်ရတဲ့သူတွေကို အချိတ်ဆက်မိထားပါစေ။ သူငယ်ချင်း မိတ်ဆွေ အဖော်တွေသိအောင် လုံလည်းလုံခြုံအောင် စီမံပါ။ အနည်းဆုံးအကောင့်ရှင်းပြီး လူရင်းပဲသိအောင်လုပ်ပါ။ လွတ်မြောက်ပြီးမှ အက်ရှင်ဝတ္ထုပြန်ရေးကြပါ။ 🙏

ဒီအကြောင်းကို နောက်တစ်ခါမရေးတော့ဘူး.. ဒီတစ်ခါပဲရေးမယ်..
ဘာဖြစ်လို့လဲဆိုတော့ အခုကျွန်တော်ရေးမယ့်အကြောင်းအရာကို ဟိုဘက်က သိသွားတာမျိုး မဖြစ်စေချင်လို့..
ဟင်.. ဒါဖြင့်ရင် ဘာလို့ရေးမှာလဲလို့မေးစရာရှိတယ်.. ဟုတ်ကဲ့.. အခုလက်ရှိအခြေအနေအရ ဒီကိစ္စကို ကိုယ့်ဘက်ကလူတွေထက် ဟိုဘက်ကလူတွေက ပိုသိနေနှင့်ပြီးဖြစ်တာကြောင့် ရေးတာပါ.. သူတို့ဘက်က ပိုသိပြီး ပိုကျင့်သုံးနေတဲ့ လျှို့ဝှက်ချက် ဆိုပါတော့လေ..
.................................
အခု ရဲမေ တစ်ယောက်ရဲ့ ဗီဒီယိုဖိုင် ကြည့်လိုက်ရတယ်မလား.. သူ ပါးရိုက်တာမဟုတ်ပါဘူး ဆိုပြီး လိုက်ရှင်းပြထားတာလေ..
ကြည့်ရတော့ အားတက်တဲ့ခံစားချက်ဖြစ်ရတယ် ဟုတ်?
ဘာဖြစ်လို့ အားတက်တာလဲ?
သူတို့ ကြောက်တယ်ဆိုတာ သိလိုက်ရလို့လေ.. ဟုတ်တယ်မလား? သူတို့ ဂရုစိုက်တယ်.. သူတို့ စိုးရိမ်တယ်.. သူတို့ လန့်တယ်.. ဒါတွေအားလုံးဟာ ကိုယ့်ဘက်မှာ အားတွေဖြစ်လာတယ်.. motivation တွေဖြစ်လာတယ်.. ဟုတ်တယ်ဟုတ်?
..................................
စစ်တပ်လော်ဘီတွေ အမြဲတမ်းသုံးလေ့ရှိတယ် psycho trick ရှိတယ်.. ကြောက်လေလေ.. ဘာမှမဖြစ်ဟန်ဆောင်လေပဲ.. အမှန်တော့ သူတို့လုပ်နည်းဟာ သီအိုရီအားဖြင့်မှန်တယ်..
မနေ့က UN အစည်းအဝေးကြောင့် အကြီးကြီးအရှိုက်ထိသွားချိန်မှာ သူတို့ဘာလုပ်လဲ? ချက်ချင်း ဘာမှအရေးမကြီးသလို အထာမျိုးကောက်ချိုးတယ်.. ဗယာကြော်သည်ကအစ တက်လို့ရတဲ့ မီတင်မျိုး ဘာညာ လျှောက်ရေးတယ်.. အဲ့ဒီ့တော့ သူတို့ဘက်ကိုထောက်ခံပြီးသားလူတွေ အားတက်မယ်.. ကိုယ့်ဘက်က မနူးမနပ်တွေ စိတ်ပျက်မယ်..
နည်းနည်းစိတ်ဆင်းရဲရလဲနည်းလား..
အချက်အလက်အားဖြင့်ကို မဆိုလိုဘူးနော်.. တုန့်ပြန်ပုံ technique အားဖြင့် အောက်တန်းကျသော်လည်း အတိုင်းအတာတစ်ခုအထိ အလုပ်ဖြစ်နေတယ်.. လိုအပ်ရင် ကျွန်တော်တို့လဲ ဒါကို ယူသုံးရမယ်..
ဒီအချိန်မှာ ကျွန်တော်တို့အားလုံးဟာ အနည်းနဲ့အများ psywar ကိုနားလည်ထားရတော့မယ်.. ကိုယ့်ကို ရည်ရွယ်ချက်ရှိရှိ anxiety ပေးနေတဲ့ message မျိုးတွေကို filter out လုပ်နိုင်စွမ်းရှိရမယ်.. မရည်ရွယ်သော်လည်း ကိုယ့်လူကိုယ် anxious ဖြစ်စေမယ့်အရေးအသားမျိုး ရှောင်ကိုရှောင်ရတော့မယ်..
.....….............................
ကျွန်တော်တို့ သူတို့ကြောက်နေတာကို Facebook မှာမြင်ရတဲ့အခါ အားတက်တယ်.. ပျော်တယ်.. right?
ဒါဖြင့်ရင် သူတို့ကရော?
ကျွန်တော်တို့ကြောက်နေတာမြင်ရင် အားမတက်သွားနိုင်ဘူးလား? ပိုပြီး ဖိမလာချင်နိုင်ဘူးလား?
သူတို့ကို မြင်နေစေချင်တဲ့ ကျွန်တော်တို့ရဲ့ပုံစံကို သူတို့မြင်အောင် သေသေချာချာပြမှ ရပါတော့မယ်..
လမ်းပေါ်ကို အသက်အပေါင်ထားပြီး ထွက်လာပါတယ်ဆိုမှတော့ ဘယ်သူက သတိလက်လွတ်နေပါ့မလဲ? အိုကေ? "သတိထားနော်" လို့ တဖွဖွပြောနေခြင်းဟာ အပြောခံရတဲ့သူအတွက် တဖြည်းဖြည်း‌စိုးရိမ်စိတ်စိမ့်၀င်လာတာကလွဲရင် တစိုးတစိမှအသုံးမ၀င်ပါဘူး.. ဒါကိုလက်ခံလိုက်ပါ..
ဒီနေ့ကစပြီး ကျွန်တော်တို့ "သတိထားကြပါ" "ပြေးကြပါတော့" "ငိုချင်နေပြီ" "ကယ်ပေးကြပါဦး" "အရမ်းကြောက်ဖို့ကောင်းပါတယ်" စတဲ့ စကားတွေကို social media ပေါ်မတင်မိအောင် အတတ်နိုင်ဆုံး ဆင်ခြင်ကြရအောင်ပါ..
ဒီလိုအသုံးအနှုန်းတွေက ကိုယ့်ဘက်ကိုယ် anxiety ‌attack ပေးသလို တစ်ဖက်ကိုလဲ အင်မတန်အားတက်စေပါတယ်.. စဉ်းစားကြည့်ပါ.. ရဲတွေဘက်က "ဆန္ဒပြတဲ့သူတွေနည်းတာမဟုတ်ဘူးဟေ့.. ကျွတ်ဆင်ကြီး" လို့တင်မယ်ဆို ကျွန်တော်တို့ဘယ်လောက်အားတက်လိမ့်မလဲ..
ကျွန်တော်တို့ သေမတတ်ကြောက်လို့ရပါတယ်.. အသက်ထွက်မတတ်စိုးရိမ်လို့ရပါတယ်.. ဒါပေမယ့် ကျွန်တော်တို့စိတ်ထဲ ဘာဖြစ်နေကြောင်း သူတို့ကို မပြကြတော့ဘူး..
တပ်လော်ဘီတွေအမြဲသုံးတဲ့ psywar နောက်တစ်ခုက အဲ့ဒါပါပဲ..
ကိုယ့်ဘက်ကိုစိုးရိမ်ပြသလိုလိုနဲ့ဖြဲခြောက်တာပါ.. ကျွန်တော်တို့ကို စိုးရိမ်မယ့်သူမလိုပါဘူး.. ကျွန်တော်တို့ကို ရဲရင့်စေမယ့်သူသာ လိုအပ်နေတာပါ.. "ဘာမှမကြောက်နဲ့" "ဘေးအန္တရာယ်ကင်းအောင်တော့ကိုယ့်ဟာကိုယ်‌စောင့်ရှောက်တတ်မယ်ဆိုတာယုံပြီးသား" "အိမ်အတွက်စိတ်မပူနဲ့" "ဂုဏ်ယူနေမယ်" စတဲ့ စကားတွေသာ လိုအပ်နေတာပါ.. ဒီတော့ စိုးရိမ်တယ်ဆိုရင် အောင့်သာထားပါ.. သတိပေးစကားပြောချင်ရင် လျှာသာကိုက်ထားလိုက်ပါ.. အားပေးပါ.. ယုံကြည်မှုပေးပါ..
ကိုယ်ဟာ လက်ဝှေ့ကြိုးဝိုင်းထဲမှာ ပြိုင်ဘက်ကို အနိုင်သတ်ပုတ်မယ့်သူတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် အောက်ကနေ "ထိုးထား.. ချထား" လို့ အားပေးတာလိုချင်မလား? "နှာခေါင်းကျိုးမယ်နော်.. သွားကျွတ်မယ်နော်.. နဖူးကွဲမယ်နော်" လို့ လိုက်ပြောနေတဲ့သူကိုလိုချင်မလား?
ဒီတော့ အိမ်ထဲကနေတဲ့သူတွေ.. ကီးဘုတ်တင်းမ်တွေ အနေနဲ့ လမ်းပေါ်ကလူတွေကို မြေပြင် information အပြင် mentally support ပါပေးကြရအောင်..
ဒါ့ကြောင့် တေ့တေ့ဆိုင်ဆိုင်တိုက်ခိုက်နေရပြီဆိုတဲ့အချိန်မှာ အားလျော့စေမယ့်စကား တစ်ခွန်းဆိုတစ်ခွန်းမှ မ‌ပြောပါနဲ့.. ပွဲပြီးသွားရင် ကြိုက်သလောက်ဒရာမာချိုးလို့ရတယ်.. ပွဲဖြစ်နေတုန်းတော့ ကျွန်တော်တို့ကို စိတ်ခွန်အားရအောင်ဝိုင်းသာလှော်ပေးပါ..
တစ်ဖက်ကပြောကြလိမ့်မယ်.. ကိုယ်တိုင်ကျလမ်းပေါ်မတက်ပဲမြှောက်ပေးနေတာတို့ ဘာတို့.. မှားပါတယ်.. စစ်တိုက်ရင်တောင် satellite ကနေ မြေပုံကြည့်ပေးရတဲ့အဖွဲ့တွေ.. ထောက်ပို့အဖွဲ့တွေဟာ ရှေ့တန်းကိုအတူထွက်မလိုက်လာပါဘူး.. နောက်တန်းကနေပဲ support လုပ်ရတာပါ.. function ချင်းမှမတူတာကို..
"ရဲကားတွေလာနေပြီ.. သတိထားကြပါ.. ရှောင်ကြပါတော့" လို့ မရေးပါနဲ့..
"ရဲကားတွေလာနေတာတွေ့တယ်.. ခုခံဖို့အသင့်ပြင်ထားလား" လို့ရေးလဲရတာပါပဲ.. ဘာကွာလဲဆိုတော့ စိတ်ခွန်အားချင်းကွာပါတယ်..
အိုင်အိုဒင်းပါတဲ့ဆားနဲ့ မပါတဲ့ဆားလိုပါပဲ.. အဓိပ္ပါယ်ကတော့ အတူတူပါ..
"ပိတ်မိနေပါတယ်" လို့ မရေးပါနဲ့.. "သတိအနေအထားနဲ့ လုံခြုံနေဆဲ" လို့ရေးလို့ရတယ်..
"ကယ်ကြပါ.. အရမ်းကြောက်နေပြီ" လို့ရေးမယ့်အစား "ကူပေးမယ့်အဖွဲ့ရှိရင်လွှတ်ပေးပါ.. လက်ရှိအချိန်ထိ အခြေအနေအေးဆေး"
"ရဲအင်အားများတယ်.. နင်တို့မနိုင်လောက်ဘူး" လို့ရေးမယ့်အစား "အနောက်ဖက်လမ်းကြောင်းကိုရှင်းထား.. ဒီကောင်တွေရမ်းကားလာရင်အေးဆေးခွာခဲ့ကြ" စသည်ဖြင့် အဓိပ္ပါယ်တူစကားကို လေသံကွဲနဲ့ပြောလို့ရပါတယ်..
ဒါ့ကြောင့် ကျွန်တော့်ကို ဘယ်နေရာမှာဘာဖြစ်နေပြီ သတိပေးပေးပါ ဆိုတဲ့မတ်‌ဆေ့ခ်ျတွေ ပို့လာရင် ကျွန်တော်တစ်ခုမှမတင်တာပါ.. မနည်းစုစည်းထားရတဲ့စိတ်ဓာတ်တွေ.. သတ္တိအင်အားတွေ ပြုန်းတီးပါတယ်..
ကျွန်တော်ဆန္ဒထွက်ပြရင်လဲဘာသတင်းမှမတင်ပါဘူး.. ဘာသတင်းတွေ့တွေ့လဲ မပြေးပါဘူး.. ပြေးရအောင်လို့လဲဘေးဘီကိုမတိုက်တွန်းပါဘူး.. လူတိုင်းမှာ ဦးနှောက်တစ်ခုစီပါတာမို့ ကိုယ့်ဘေးကိုယ်ကြည့်ရှောင်ကြမှာပဲလို့ယုံသလို ကိုယ်တိုင်လဲရှောင်ပါတယ်..
ကျွန်တော့်အတွေးက ဆန္ဓထွက်ပြတယ်ဆိုတာ ဘေးကင်းဖို့.. လုံခြုံဖို့က ဦးစားပေးမဟုတ်ပါဘူး.. သွေးထွက်သံယိုနဲ့ ဒဏ်ရာအနာတရတွေ ရှိကိုရှိပါမယ်.. သူများလဲဖြစ်ချင်ဖြစ်မယ်.. ကိုယ်တိုင်လဲဖြစ်ချင်ဖြစ်မယ်.. ဒါ့ကြောင့် အချိန်တိုင်း ဘေးကင်းဖို့အရေး လိုက်သတိပေးနေတာကို အနှောင့်အယှက်တစ်ခုလို ကျွန်တော်က မြင်ပါတယ်.. တစ်ခုခုဆို လူမှာ auto defense mechanism ပါပါတယ်..
ပြေးဖို့သတိပေးမှပြေးမယ့်လူတစ်ယောက်မှမရှိပါဘူး.. တကယ်လိုအပ်တာက "ရဲရင့်ဖို့.. အနိုင်တိုက်ဖို့.." သတိပေးရမှာပါ..
လူတိုင်းအလွယ်တကူမြင်နိုင်တဲ့ Facebook မဟုတ်ပဲ မတ်ဆန်ဂျာတို့ ဆစ်ဂနယ်တို့ ဂရုထဲမှာ ကြိုက်သလောက် ပူပန်ပါ.. စိုးရိမ်ပါ.. ကြောက်ပါ.. twitter မှာကြိုက်သလောက်ငိုပြပါ.. Facebook ပေါ်မှာတော့ "လက်နက်ပါတော့ငါတို့ကလီးလုပ်ရမှာလား" ဆိုတဲ့အထာမျိုးသာနေပါ..
ဒီနေ့အချုပ်ကားပေါ်မှာ ကလေးတွေ ရီရီမောမော ဆယ်လ်ဖီဆွဲနေကြတဲ့ပုံတက်လာတယ်.. သိပ်မိုက်တဲ့သတ္တိပါပဲ.. သူတို့အတွက်စိုးရိမ်ပေမယ့် သူတို့မျှဝေပေးသွားတဲ့စိတ်ခွန်အားကိုပဲ ဇောင်းပေးလက်ဆင့်ကမ်းစေချင်ပါတယ်.. စိုးရိမ်မှုဟာ သူတို့အတွက် အသုံးမ၀င်သလို အစိုးရိမ်ခံချင်လို့.. သနားတာခံချင်လို့ သူတို့ ဒီပုံရိုက်ခဲ့ကြတာမဟုတ်ဘူးဆိုတာသတိရပါ..
ကျွန်တော့်အနေနဲ့ကတော့ ကိုယ်တိုင် မြေပြင်ပေါ်မှာ မရှိနေသရွေ့ မြေပြင်သတင်းဘာတစ်ခုမှတင်မှာမဟုတ်ပါဘူး.. မြှောက်ပေးတယ်အပြောမခံချင်လို့ပါ.. ကိုယ်တိုင်မြေပြင်မှာရှိတယ်ဆိုရင်လဲ ဘာဖြစ်နေပြီ ညာဖြစ်နေပြီ မတင်ပါဘူး.. တကယ်ရှိနေတဲ့သူတွေက ပိုသိပါတယ်..
သတင်းတွေက လုံလောက်ပါတယ်..
စိုးရိမ်ပူပန်မှုတွေ ပိုလျှံနေပါတယ်..
ထိတ်လန့်မှုအကြောက်တရားတွေ မလိုသေးပါဘူး..
စိတ်ခွန်အားသာ လိုပါတယ်..
ရနိုင်သလောက် များများပို့လိုက်ပါ..
ကိုယ့်လူတွေ အားတက်ပါစေ..
စိတ်ပျက်အား‌လျော့မှုကို သူတို့လူတွေအတွက်ထားလိုက်ကြရအောင်..

Comments

Popular posts from this blog

20 march 2021

သပိတ်မှာ ဆောင်ရန် ရှောင်ရန်

IP တွေ Google Maps တွေနဲ့ ဝရမ်းတွေထုတ်၊ လိုက်ဖမ်းနေတာ ကြောက်ရမလား။