တူညီလက်ခံ CDM

CDM အစ ဒေးဗစ် သောရိုး (David Thoreau) ကလို့ ပြောရမယ်။

အဲဒီ ပညာရှင်ကြီးက Civil Disobedience လို့ ပြောခဲ့တာဆိုတော့ ပြန်တွက်ရင် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ လောက်ကတည်းက မတရားတဲ့ အမိန့်အာဏာဟူသမျှကို နာခံစရာမလို၊ ဖီဆန်ဖို့ စတင်အသိပေးခဲ့သူလို့ ဂုဏ်ပြုနိုင်ပါတယ်။
ဒီမိုကရေစီ အောင်မြင်ချင်ရင်
မတရားတဲ့အမိန့်တွေကို အာဏာရှင်ဆန်ဆန် ထိုင်ထုတ်နေလို့မရဘူး။ လူ့အခွင့်အရေးမှန်သမျှ ပိတ်ပင်နေရင် ဒီမိုကရေစီလို့ပြောတာ ခွေးပါးစပ်က နတ်စကားထွက်ဆိုတာလို ဖြစ်နေမှာပဲ
လွတ်လပ်စွာ ထုတ်ဖော်ခွင့်
လွတ်လပ်စွာ ရေးသားခွင့်
လွတ်လပ်စွာ ပြောဆိုခွင့်
လွတ်လပ်စွာ ဆန္ဒပြပြီး မကျေနပ်တာတွေကို ဖော်ပြခွင့်တွေမရှိရင်
လွတ်လပ်စွာ ပြည်သူ့ရင်ထဲက ဆန္ဒရှိတဲ့ ထုတ်ဖော်ပြောဆိုနေတာတွေကို လက်မခံရင်၊ အလေးမထားရင်၊ ဆန့်ကျင်ရင်၊ သေနတ်နဲ့ပစ်နေရင် ... အဲဒါ
“အာဏာရှင်”
ဂျွန်‌ရောလ် (John Rawls) ဆိုသူကလည်း ၁၉၇၁ ခုနှစ်မှာ
“ပြည်သူသည် အကြမ်းမဖက်သောနည်းအားဖြင့် နိုင်ငံရေးအရ ယုံကြည်ချက်ကို လက်ကိုင်ထားပြီး၊ ဥပဒေတစ်ခုကို ပြုပြင်ပြောင်းလဲဖို့ ဒါမှမဟုတ် အစိုးရတစ်ရပ်ကို ပြောင်းလဲဖို့အတွက် မတရား ထုတ်ပြန်ထားတဲ့ အမိန့်အာဏာတွေကို ဖီဆန်တာဟာ တရားတယ်” လို့ ဆိုခဲ့ပါတယ်။
“အာဏာမသိမ်းရင် အာဏာဖီဆန်တယ်ဆိုတာလည်း ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး”
ယုတ်မာတဲ့ အကြံတွေနဲ့ ပြည်သူ့အစိုးရကို ပုန်ကန်ပြီး လက်နက်အားကိုးထိန်းသိမ်းချုပ်နှောင်တာဟာ ပြုပြင် ပြောင်းလဲဖို့ မဟုတ်ဘူး။ သူပုန်ထတာပဲ
သူပုန် = အစိုးရအား ဆန့်ကျင်၍ လက်နက်ကိုင် တိုက်ခိုက်သူ (မြန်မာအဘိဓာန်)
ပြည်သူက တင်မြှောက်ထားတဲ့ တရားဝင်အစိုးရကို တရားမဝင်လက်နက်ကိုင်ထိန်းချုပ်ပြီး ပြည်သူကို ရန်မူ တိုက်ခိုက်နေတာ အစိုးရမဟုတ်ဘူး ... သူပုန်ပဲ။
၁၉ ရာစုလောက်ကတည်းက Social Contract ဆိုတဲ့ သဘောတရားတွေ ခေတ်စားလာတယ်။
မတရားတဲ့သူတွေ အုပ်ချုပ်တာကို လက်မခံချင်ရင်၊ ပြည်သူက တရားမျှတစွာနဲ့ ရွေးကောက်တင်မြှောက် ထားတဲ့ အဖွဲ့အစည်းတွေကိုဖွဲ့စည်းပြီး အုပ်ချုပ်စီရင်ပိုင်ခွင့် ရှိတယ်တဲ့။
ခုတစ်လော ရပ်ကွက်တွေမှာ ရပ်ကွက်သူ ရပ်ကွက်သားတွေ CDM လုပ်ပြီး စစ်အာဏာရှင်တွေ ခန့်တဲ့ ရပ်ကျေး အုပ်ချုပ်သူတွေကို မလာနဲ့၊ မလိုချင်ဘူး၊ ငါတို့ရပ်ကွက် ငါတို့ အုပ်ချုပ်နိုင်တယ်ဆိုတာ ဒီသဘောတရားတွေပဲ။ ကိုယ့်အခွင့်အရေးကို ကိုယ်ထိန်းမယ်၊ ကိုယ့်ရပ်ကွက်ကို ကိုယ်အုပ်ချုပ်မယ်၊ အာဏာရှင် အုပ်ချုပ်တာ လက်မခံဘူးဆိုပြီး ဆန့်ကျင်တာလည်း CDM ပါပဲ။
ပြည်သူက ကိုယ့်ရပ်ကွက် ကိုယ်ကင်းစောင့်ပြီး ကိုယ့်လုံခြုံရေး ကိုယ်ယူကာ ငါတို့ အသက်အိုးအိမ် စည်းစိမ် တို့ကို ကာကွယ်စောင့်ရှောက်ပေးမယ့်သူတွေ မရှိတော့ဘူးလို့ လက်ခံလာတာကလည်း Social Contract လို့ ခေါ်တဲ့ ကိုယ့်အချင်းချင်း ပူးပေါင်းဖြေရှင်းပြီး မတရားတဲ့အုပ်ချုပ်မှုကို တော်လှန်ခြင်းတစ်မျိုးပေါ့။
John Rawls က
တရားမျှတမှုဆိုတာ တရားမျှတမှုကို မြတ်နိုးတဲ့ လူ့အဖွဲ့အစည်းအတွင်းမှာပဲရှိနိုင်တယ်။ တရားမမျှတဘူး ထင်ရင်၊ တရားမျှတအောင် ပြည်သူတွေက ပူးပေါင်းပြီး ညီညွတ်စွာ ဆောင်ရွက်ခွင့်ရှိတယ်။ တရားမျှတမှုကို တရားမျှတမှုအား မြတ်နိုးသူများကသာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စွမ်းရှိတယ်လို့ ပြောပါသေး တယ်။
တရားမဲ့ ဖမ်းဆီးချုပ်နှောင် ထိန်းသိမ်းကာ လူသတ်နေတဲ့သူတွေဆီက သင်တို့ ဘယ်လိုတရားမျှတမှုမျိုးကို မျှော်လင့်နေပါသလဲ။
ဂျွန်ရောလ်က ဆက်ပြောတယ်
တရားဝင်မဟုတ်တဲ့ အာဏာရှင်တွေရဲ့ မတရားသော ထုတ်ပြန်တဲ့ အမိန့်အာဏာတွေကို ပြည်သူတွေရဲ့ အကောင်းဆုံး တုံ့ပြန်ချက်ဟာ ငြင်းဆိုခြင်းဖြစ်ပါသတဲ့။ အဲဒီ အမိန့်အာဏာတွေကို လျစ်လျူရှုကာ လိုက်နာ ဆောင်ရွက်ဖို့ လက်မခံတာကလည်း CDM ပါပဲ။
ပြည်သူက မတရားမှုကို မတရားမှုလို့ သိပြီး၊ မတရားတာကို လက်မခံ တုံ့ပြန်တာကို သဘာဝတရားကြီးက ပေးအပ်ထားသော ပြည်သူ့တာဝန် (Natural duty of civility) လို့လည်း ဆိုထားပါသေးတယ်။
ဒါကြောင့်
ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးဟာ
တရားသော အာဏာရှင်ဆန့်ကျင်ရေး
တရားသော တော်လှန်ရေး
အဲဒါကို မတရားသောသဘောနဲ့ ဆန့်ကျင်ပြီးလာပြောနေသူတွေကို ဆန့်ကျင်ရမှာကလည်း သဘာဝက ပေးထားသော တာဝန်အရတော်လှန်ရေး
Civil Disobedience ဆိုတာ အာဏာသိမ်းလို့ ပေါ်ပေါက်လာရတဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပဲ။
လူအများစုက မတရားဘူးထင်ပြီး ဆန့်ကျင်ပုန်ကန်ဖို့ တွန်းအားပေးလို့ ပြည်သူက ဆန့်ကျင်တဲ့ လှုပ်ရှားမှုပါ။
တရားမဝင်တဲ့သူတွေကို တရားဝင်အစိုးရဖြစ်မသွားအောင် ဆန့်ကျင်တာလည်း CDM
အာဏာရှင်တွေ သိမ်းပိုက်ထားတဲ့ ယန္တရားကြီး လည်ပတ်နိုင်သွားရင် အာဏာရှင်က ခေတ်တစ်ခေတ် ပြန်လည် ထူထောင်ပြီး တိုင်းပြည်ကို နှစ်ပေါင်းများစွာ ကျွန်ပြုမှာကို မလိုလားလို့ “ရုံးမတက်နဲ့ ရုန်းထွက်” ဆိုပြီး ဆန့်ကျင် လှုပ်ရှားတာလည်း CDM
အကျင့်ပျက်ခြစား တစ်ဘို့တည်းသမားတွေတက်လာပြီး တိုင်းပြည်ရဲ့ မြေပေါ်မြေအောက် သယံဇာတတွေကို နောက်တစ်ကြိမ် ထပ်မခိုးနိုင်ရေးအတွက် ဆန့်ကျင်တားဆီးနေတာလည်း CDM
အကြမ်းမဖက် အာဏာရှင်ဆန့်ကျင်ရေးဟာ CDM
CDM သည် ဒီမိုကရေစီအတွက်
CDM သည် အာဏာရှင်ဖြုတ်ချရေးအတွက်
“အရေးတော်ပုံအောင်ရမည်”
တင်ညွန့်
၂၅.၂.၂၀၂၁

Comments

Popular posts from this blog

20 march 2021

သပိတ်မှာ ဆောင်ရန် ရှောင်ရန်

IP တွေ Google Maps တွေနဲ့ ဝရမ်းတွေထုတ်၊ လိုက်ဖမ်းနေတာ ကြောက်ရမလား။